ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တစ်ယောက်က လာရပ်လိုက်ပြီး..
“မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။
“မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား”
“ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ”
“သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်”
ဧည့်ခန်းကြီး က ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား
“ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး
“ဦးရှင့် … မစ္စတာ တာနာနဲ့ တွေ့လို့ရပါပြီ။ ၂၄ ထပ်က ရုံးခန်းကို ဓာတ်လှေကားနဲ့ တက်လာခဲ့ပါတဲ့”
သားဖြစ်သူ ရုံးခန်း ကိုရောက်တော့ အဖေက ဝမ်းသာအားရနှင့် ပြေးဖက်ဖို့ပြင်သည်။ သားက ဖုန်းပြောနေရာက လက်ကာပြထားသဖြင့် သူ့စိတ်ကို မနည်းဘရိတ်အုပ်ထားလိုက်ရသည်။ အဖေက ရပ်စောင့်နေသည်။ ဖုန်းတော် တော်ကြာကြာ ပြောနေပြီးမှ သူ့အဖေဘက်ကို လှည့်လိုက်ပြီး
“အဖေကလည်း လာမယ်ဆိုရင် ကြိုပြောရောပေါ့။ လာကြိုမှာပေါ့”
“ရောက်လာပြီပဲကွာ။ မင်းရုံးခန်းကြီးက ကြီးကျယ်လှပေါ့။ အဖေဝမ်းသာတယ်။ ဒါနဲ့ သားရာထူးကရော။ ရွာရောက်ရင် ပြန်ကြွားရဦးမယ်”
“မန်နေဂျာပေါ့အဖေ။ ဒါနဲ့ အဖေ အေးအေးဆေးဆေးပဲ မဟုတ်လား။ သားအစည်းအဝေးရှိသေးလို့ ထိုင်ဦးနော်။ အိမ်ကို အတူတူပြန်ကြတာပေါ့”
“မင်း အမေ နေမကောင်းဘူးကွ။ အဲဒါ မင်းကိုတွေ့ချင်တယ်ဆိုလို့။ ရွာကို တစ်ရက်လောက် ပြန်လိုက်ခဲ့ဖို့ လာခေါ်တာ။ မင်းအမေဆန္ဒကို ဖြည့်ပေးလိုက်ပါကွာ”
“မဖြစ်ဘူး အဖေ။ ဒီမှာက အလုပ်တွေ အရမ်းများတာ။ ခွင့်တစ်ရက်ယူဖို့ဆိုတာ အတော်မလွယ်ဘူး”
“သြော် … အေးအေး … အဖေက လာပြောကြည့်တာပါ။ မအားရင်လည်း နေပေါ့”
“အဖေ စောင့်ဦးနော်။ အိမ်ကိုသွားကြမယ်”
“နေပါစေကွာ။ မင်းအမေလည်း နေမကောင်းတော့ မီတဲ့ရထားနဲ့ပဲ ပြန်တော့မယ်။ ငါ့သားက အရမ်းအလုပ်တွေ များနေတာကိုး”
ဖခင်ဖြစ်သူပြန်သွားသည်။ နှုတ်လည်းမဆက် ထွက်ခွာသွားသော ဖခင်၏ ကျောကိုကြည့်ပြီး သားဖြစ်သူက သက်ပြင်းချလိုက်သည်။
သားဖြစ်သူ အိမ်ကိုပြန်ရောက်သော်လည်း စိတ်မကောင်းဖြစ်နေသည်။ သူ့ဖခင်ကို ဘူတာလေးတောင် လိုက်မပို့ပေးနိုင်။ အိမ်တွင် ဇနီးက နေမကောင်း။ ဆေးခန်းလိုက်ပြရသည်။ ကလေးတွေကလည်း သူတို့ ပြဿနာတွေနှင့်သူတို့။
နောက်တစ်နေ့ နံနက်စောစောတွင် သားဖြစ်သူက ရုံးသို့ခွင့်စာတင်ပြီး ဖခင်နှင့် မိခင်ရှိရာကို ထွက်လာခဲ့သည်။
သူမရောက်တာ နှစ်ပေါင်း ၃၀ ခန့်ရှိတော့မည့် ရွာကို ပြန်ရောက်လာသည်။ ရွာထဲကိုဝင်ပြီး သူယခင်နေခဲ့သည့် အိမ်လေးဆီကိုသွားသည်။ အိမ်ဝင်းထဲဝင်လိုက်သည့်အခါ လူတစ်ယောက်ထွက်လာသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ”
“ဒါ မစ္စတာ အာကီယိုတို့ အိမ်မဟုတ်လား”
“မဟုတ်ဘူး။ မစ္စတာ အာကီယိုတို့လင်မယား လယ်တဲကိုပြောင်းသွားတာကြာပြီ”
“ဒါဆို ဒီအိမ်က”
“ဦးတို့ဝယ်ထားလိုက်တာလေ။ သူတို့လယ်တွေပါ ဝယ်ထားတယ်။ သနားလို့ လယ်ထဲက မြေကွက်လေး တစ်ကွက်ပေးပြီး နေခိုင်းထားရတယ်”
“ဘယ်လိုဖြစ်သွားရတာလဲဗျာ”
“သူတို့မှာ သနားပါတယ်။ သားဖြစ်သူ မြို့ကြီးမှာ တက္ကသိုလ်တက်ဖို့ဆိုပြီး လယ်တွေပေါင်ရတယ်။ နောက် သား အလုပ်ကောင်းကောင်းရအောင်ဆိုပြီး လယ်တွေရောင်းရတယ်။ သားအိမ်ထောင်ပြုတော့ နေဖို့အိမ်ခန်းဝယ် ပါစေဆိုပြီး လယ်တွေ အားလုံးရောင်းတယ်။ သားက ကားစီးချင်တယ်ဆိုလို့ ဒီအိမ်ကိုအပြီးရောင်းပြီး လယ်တဲကို ပြောင်းနေကြတယ်။ သူတို့သားကို တော်တော်လေးချစ်တာပဲ”
သူမျက်ရည်တွေနှင့် လယ်တဲဘက်ကို ထွက်လာသည်။ အိမ်အမိုးတွေကပေါက်ပြဲ၊ နံရံတွေ မလုံမလဲနှင့် တဲအိမ် လေးကို တွေ့လိုက်ရသည်။
ကုတင်ဘေးတွေ အဘိုးအို တစ်ယောက်က အဘွားအို၏ လက်ကို ကိုင်ပြီးအားပေးနေသည်
“မင်းသား လာတော့မှာ … လာတော့မှာပါကွာ”
မျက်ရည်တွေအပြည့်နှင့် တဲထဲကို ဝင်လိုက်ပြီး
“အမေ”
သူ့အမေက အသက်ထွက်နေပြီ။
(ဒီမနက်ဖတ်လိုက်ရတဲ့ ဂျပန်ဝတ္ထုလေးတစ်ပုဒ်ဖြစ်တဲ့ Return ကို မြန်မာမှုပြုပါတယ်) ။
ကိုယ့်မိဘနှစ်ပါး အသက်ရှိစဉ်အခါဝယ် တန်ဖိုးထားနိုင်ကြပါစေ။ ။
linlast