Knowledge

မန္တလေးသားတွေ ခုချိန်ထိ အမှတ်ရနေဦးမယ့် မနှင်းဆီရထားနှင့် ဘူတာလေး

မန္တလေးသားတွေ ခုချိန်ထိ အမှတ်ရနေဦးမယ့် မနှင်းဆီရထားနှင့် ဘူတာလေး..

မနှင်းဆီ ရထား ဆိုသည်မှာ ကိုလိုနီခေတ်တွင် မန္တလေးမြို့၌ ထင်ရှားခဲ့သောပုဂ္ဂလိက မီးရထားတစ်စီးအမည်ဖြစ်သည်။

မန္တလေးမြို့ ၂၅ လမ်းနှင့် ၂၆ လမ်းကြား ရွှေတစ်ချောင်းမြောင်း၏ အရှေ့ဘက်တွင် ယခု မန်းသီရီဈေးတည်ရှိသည်။ အဆိုပါနေရာသည် ယခင်က မန္တလေး၏ အထင်ကရနေရာ ဖြစ်ခဲ့ဖူးသည်။

ယခင်က ထိုနေရာသည် ဘူတာရုံတစ်ခု ရှိခဲ့သည်။ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာဖြစ်သည်။

မတ္တရာရထားသည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး လူမျိုးခြားသူဌေး အိန္ဒိယအမျိုးသား မနန့်ဂျီ (မနိုက်ဂျီ)ပိုင်ဆိုင်ခဲ့သည်။ မနန့်ဂျီ ကို မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟု ခေါ်ဝေါ်ခဲ့ကြသည်။

အရေးပါပုံ – မနှင်းဆီရထားသည် ရထား(၂)စင်းရှိခဲ့ပြီး ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သည်။..

မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများထွက်ရှိရာ နေရာဖြစ်သည့်အတွက် ဈေးချို လက္ကားဈေးကွက်ကြီးသို့ မတ္တရာကုန်များ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားသည် အရေးပါခဲ့သည်။

ဘူတာကြီး၊ ဘူတာလေး – ထိုစဉ်က မန္တလေးတွင်း မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လာရှိုး၊ မန္တလေး-မုံရွာ-ရေဦး မီးရထားလမ်းအတွက် ရ၈ နှင့် ရ၉ လမ်းကြား၊ ၂၇ နှင့် ၃၄ လမ်းကြားတွင် ဘူတာရုံတစ်ရုံ ရှိသည်။

ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ်ခဲ့ကြသည်။

ထို့ကြောင့် မန္တလေးဘူတာကို မန္တလေးသားတို့က ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်းခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။

ဒီအကြောင်းကို”ဆရာ ဆူးငှက်”ရဲ့”စျေးချို ရွှေတချောင်း မနှင်းဆီခေါင်း” မှာရေးထားတာလေး မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါရစေ ။

”ယခုမန်းသီရိစျေးဖြစ်နေသော နေရာသည် တစ်ချိန်က မန္တလေး၏အထင်ကရနေရာ ဖြစ်ခဲ့ဖူးသည်။

အုတ်ကြွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အဦးလေး တစ်လုံးလွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် ၀န်းကျင်ထိ ရှိခဲ့ဖူးသည်။

ထိုအဆောက်အဦးလေးကို ကျွန်တော်တို့သိရှိချိန်တွင်ပြန်ကြားရေးစာဖတ်ခန်းဖြစ်နေပါပြီ။

အရင်က ထိုအဆောက်အဦးလေးကားဘူတာရုံတဲ့၊ စျေးချိုနှင့် မတ္တရာကိုပြေးဆွဲသော မီးရထားလမ်း၏ လမ်းစ လမ်းဆုံး ဘူတာရုံ ဖြစ်သည်။

မတ္တရာရထားက ပုဂ္ဂလိကပိုင်ဖြစ်သတဲ့။ကုလားသူဌေး မန်နဂျီ ပိုင်ဆိုင်သည့်ရထားမို့ မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟုအမည်တွင် ခေါ်ဝေါ်ခဲ့ကြသတဲ့..။

ထိုရထား ကိုဆွဲသော ရေနွေးငွေ့စက်ခေါင်းက အရွယ်သေးပြီး ဗိုက်ဖောင်းဖောင်းလေးတဲ့ ။

မနှင်းဆီရထားက စျေးချိုဘူတာမှနံနက်၇နာရီတွင် တစ်ကြိမ်၊ ညနေ၃နာရီတွင် တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သတဲ့..။

မတ္တရာနယ်သည် ကွမ်းရွက်အပါအ၀င်သစ်သီး၀လံများ၊သစ်ဥသစ်ဖုများ ထွက်ရှိသည့်နေရာမို့ စျေးချို လက်ကားစျေးကွက်ကြီးသို့ မတ္တရာကုန်ပစ္စည်းတွေလွယ်လင့်တကူရောက်ရှိရေးတွင် မနှင်းဆီရထားက အဓိကအခန်းကဏ္ဍမှပါ၀င်ခဲ့သည်။

ထိုစဉ်က မန္တလေးတွင် မန္တလေး-ရန်ကုန်၊မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လားရှိုး၊မန္တလေး-မုံရွာ-ရေဦး၊မီးရထားလမ်းများအတွက် ၇၈လမ်း၊၇၉လမ်းကြားနှင့် ၂၇လမ်း၃၄လမ်းကြားတွင် ဘူတာရုံတစ်ရုံရှိသောကြောင့် ထိုဘူတာရုံကို “ဘူတာကြီး”၊ မနှင်းဆီရထား ဘူတာရုံကို “ဘူတာလေး”ဟု သုံးစွဲခေါ်ဝေါ်ကြသည်။

ထို့ကြောင့် တစ်လျှောက်လုံး မန္တလေးဘူတာကို မန္တလေးသားတွေက “ဘူတာကြီး”ဟု အစဉ်အဆက် လက်ဆင့်ကမ်း အမွေခံ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။”

(ဆရာ ဆူးငှက် ၏ “စျေးချို ရွှေတချောင်း မနှင်းဆီခေါင်း” မှ)

ဒီရထားလေးအကြောင်းကိုဘဲ အမေလူထုဒေါ်အမာ က ရေးသားပြီး ၁၉၉၃/နိုဝင်ဘာလ မှာ ထုတ်ဝေခဲ့တဲ့”ရတနာပုံမန္တလေး..မန္တလေး..ကျွန်မတို့မန္တလေး” ဆိုတဲ့ စာအုပ်ထဲမှာတချိန်တခါက မန္တလေးရဲ့ အကြောင်းများကိုလွမ်းမောတမ်းတစရာဖတ်ရှုသိရှိရတာအပြင် “မနှင်းဆီ မီးရထားလေး” ဆိုပြီးရေးသားခဲ့တာကိုလည်း အလွန်ပင်တန်ဘိုးရှိစွာ ဗဟုသုတ ရစေပါတယ် …၊

အမေ့ရဲ့ စာထဲမှာ”မနှင်းဆီ မီးရထားလေးလို့ခေါ်တာကတော့ ပိုင်ရှင်က မနှင်းဆီမို့ မီးရထားကိုပိုင်ရှင်နာမည်ထည့်ခေါ်တာပါ ။

မနှင်းဆီက ဒီမီးရထားအပြင် သင်္ဘောလည်းပိုင်သေးတယ် ၊ သူ့သင်္ဘောကဧရာဝတီနဲ့ တခြားဆီ၊ ဧရာဝတီကခေါင်းတိုင်အနီနဲ့အဖြူကြား ၊သူကအရောင်ခွဲထားတယ်၊

နောက်တော့ငွေရင်းများတဲ့ ဧရာဝတီ ဖလုတ်တီလာကုမ္ပဏီက မနှင်းဆီပြေးဆွဲတဲ့လိုင်းမှာသင်္ဘောခတွေသိပ်လျှော့ပြီးယူတော့ မနှင်းဆီသင်္ဘောက နောက်ဆုံးမပြိုင်နိုင်လို့ အရှုံးနဲ့ရပ်နားလိုက်ရတယ်။

ဧရာဝတီနဲ့ မနှင်းဆီတို့ အပြိုင်လုပ်ကြခါစ အချိန်က သင်္ဘောခကို သူ့ထက်ငါအခါခါလျှော့ယူကြရုံမကနောက်ပိတ်ဆုံး ခရီးသည်ကိုလက်ဆောင်ပေးတဲ့အထိ လာဘ်ထိုးပြီး ပြိုင်သေးတယ်။

နို့ပေမယ့် ဧရာဝတီ ဖလုတ်တီလာကုမ္ပဏီက ငွေရင်း အလွန်များလေတော့ပုဂ္ဂလိက မနှင်းဆီက အရှုံးပေးလိုက်ရတာပေါ့၊” လို့ ဖတ်ရှုရလေတော့ တချိန်တခါက ပြိုင်ဆိုင်မှုတွေကို ဗဟုသုတဖြစ်ဖွယ် မှတ်သားရပါတယ်..။

မနှင်းဆီရထားနှင့် ဘူတာလေး အကြောင်း ကို ဖတ်မိသလောက် မျှဝေခြင်းသာ။ ။

မူရင်း HlaThanAung အားလေးစားစွာဖြင့် Creditပေးပါတယ် ။ ။

Sai Min Thant (ဆရာစိုင်း) ထံမှ ထပ်ဆင့် ပြန်လည်မျှဝေပါသည်။