ရေငတ်နေသော ကျီး..
တစ်ခါတုန်းက အရမ်းပူပြင်းတဲ့နေ့တစ်နေ့မှာပေ့ါ။ ကျီးတစ်ကောင်ဟာ ရေငတ်လွန်းတာကြောင့် ကောင်းကင်မှာပျံသန်းရင်း ရေအရှာထွက်ပါသတဲ့။
လွင်ပြင်တီးခေါင်တစ်လျှောက်မနားတမ်းရှာပေမယ့်လည်း ရေတစ်စက်တောင် မတွေ့ရလေဘူး။
ကြာလာတော့ ကျီးလည်း ရေငတ်လွန်းတာက တစ်ကြောင်း၊ ပင်ပန်းလွန်းတာကတစ်ကြောင်းနဲ့အားနည်းလာပါတယ်။
မျှော်လင့်ချက်တွေ ကုန်လုကုန်ကာနီးအချိန်ကျမှ ကျီးဟာ သစ်ပင်အောက်မှာ ရေခရားလေးတစ်ခုကို လှမ်းတွေ့လိုက်ပါသတဲ့။
ရေအရမ်းဆာနေပြီ ဖြစ်တဲ့ ကျီးဟာ အလွန်အမင်း ဝမ်းသာသွားတာပေ့ါ။ အဲဒါနဲ့ ရေခရားရှိတဲ့ သစ်ပင်အောက်ကို အလျင်အမြန်ပဲ သွားပါသတဲ့။
အဲဒီ့အချိန်မှာပဲရေဆာနေတဲ့ ကျီးအတွက် ကံကောင်းတာကော၊၊ ကံဆိုးတာကော တစ်ပြိုင်တည်း ကြုံရပါတယ်။
ကံကောင်းတာကတော့ ရေခရားထဲမှာ ရေလက်ကျန်တွေရှိနေသလောက်ကံဆိုးတာကတော့ ရေခရားဟာ လည်ပင်းအဝကျဉ်းတဲ့ အတွက် ကျီးဘယ်လိုပဲ ကြိုးစားကြိုးစား ခရားထဲမှာ ရှိတဲ့ရေကို သောက်လို့မရဘူး ဖြစ်နေသတဲ့။
လည်ပင်းအဝကျဉ်းတဲ့ ခရားထဲကို ကျီးဟာ ခေါင်းထိုးပြီး ရေသောက်ရဖို့အတွက် အားထုတ်ပေမယ့်လည်း ကြိုးစားမှုမှန်သမျှ အရာမရောက်ဘူးဖြစ်နေတယ်။
အဲ့လိုနဲ့စိတ်ဓါတ်ကျပြီး ငေးငိုင်နေတဲ့ ကျီးဟာ မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ကျောက်စရစ်ခဲကိုတွေ့ပြီး အကြံအစည်တစ်ခု ရသွားပါတယ်။
ကျောက်စရစ်ခဲလေးကို ပါးစပ်နဲ့ကိုက်ပြီးရေခရားထဲကို ပစ်ချလိုက်တော့ ခရားထဲမှာရှိနေတဲ့ရေတွေဟာ အနည်းငယ် မြင့်တက်လာပါတယ်။
ကျောက်စရစ် တစ်ခဲက နှစ်ခဲ၊ နှစ်ခဲက သုံးခဲနဲ့ ကျောက်စရစ်အခဲပေါင်းများစွာရေခရားထဲ ချလိုက်ပြီးချိန်မှာတော့ ရေတွေက အပြင်ထိထွက်လာပါတယ်။
နောက်ဆုံးမှာတော့ ကျီးဟာ သူအလွန်အမင်း ဆာလောင်မွတ်သိပ်နေတဲ့ ရေကိုသောက်ခွင့် ရလိုက်ပါတယ်။
ဒီပုံပြင်လေးဟာ အလွန်ရိုးရှင်းပါတယ်။ ရိုးရှင်းသလောက်လည်း တွေးတတ်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ဘဝအတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။
ရေငတ်နေတဲ့ကျီးဟာ လွင်ပြင်တီးကောင်တစ်လျှောက် ရေရှာထွက်သလို ကျွန်တော်တို့တွေလဲ ဘဝတစ်လျှောက်မှာ အခွင့်လမ်းတွေ၊ အခွင့်ရေးကောင်းတွေကို ရှာဖွေနေကြရပါတယ်။
ကျီးဟာ ရေကိုအလွယ်တကူ ရှာတွေ့ခဲ့တာမဟုတ်သလို ကျွန်တော်တွေလည်း အခွင့်အလမ်းတွေကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ပါဘူး။
တစ်ခုသတိထားမိရမှာက အခွင့်အလမ်းဆိုတာ သူ့အလိုလိုထိုင်စောင့်နေရတာထက်စာရင် ကိုယ်တိုင်အပင်ပန်းခံပြီး လိုက်လံရှာဖွေမှ တွေ့တတ်တယ်ဆိုတဲ့အချက်ပါပဲ။
ကျီးဟာ အလွန်အမင်း ပင်ပန်းခံပြီး ရေခရားကို တွေ့တဲ့အခါ ခရားထဲမှာရေရှိနေလျက်နှင့် အလွယ်တကူ သောက်သုံးခွင့်မရပါဘူး။
ကျွန်တော်တို့ ဘဝမှာလည်း ပင်ပင်ပန်းပန်းနှင့်အခက်အခဲတွေကြားက အခွင့်အလမ်းတွေ ရှာဖွေဆုပ်ကိုင်မိပြီဆိုရင်လည်း ငှက်ပျောသီးအခွံ့နွှာစားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။
ခရားထဲမှာ ရေရှိနေသလို၊ အခွင့်အလမ်းတွေကြားမှာလည်းအောင်မြင်မှုတွေ ရှိနေပါတယ်။
ရေကို အလွယ်မသောက်နိုင်သလို အောင်မြင်မှုကိုလည်း အလွယ်မရနိုင်ပါဘူး..။
ကျွန်တော်တို့ အောင်မြင်မှုကို လိုချင်ရင် ပင်ပန်းခံနိုင်ရပါမယ်၊ အားထုတ်နိုင်ရပါ့မယ်၊ ဒါ့အပြင် စိတ်ဓါတ်ကျပြီး လက်လျော့သွားမယ်ဆိုရင်လည်း အောင်မြင်မှုကနေ သွေဖယ်သွားနိုင်ပါတယ်။
ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း၊ ကိုယ်မျှော်လင့်နေတဲ့ အောင်မြင်မှုဆိုတာကို မျှော်မှန်းမိတဲ့အခါတိုင်း ဒီရေငတ်နေသောကျီး ပုံပြင်လေးကို ပြန်လည်အမှတ်ရပြီးမဆုတ်မနစ်ဘဲ ကြိုးစားကြစေလိုကြောင်း ဆန္ဒပြုရင်း…
ခရက္ဒစ္-ဗဟုသုတ


