Knowledge

ကွမ်းစိုက်ပျိုးရေးကြောင့် ချမ်းသာသွားသူများလည်း ဒုနှင့်ဒေးပင်.

ကွမ်းရွက်ပင်စိုက်ပျိုးနည်း..

မြန်မာနိုင်ငံတွင် ကွမ်းရွက်ပင်ကို နေရာဒေသမရွေး စိုက်ပျိူးနိုင်သည်။ သို့သော် စိုစွတ်လွန်းသောမြေခြောက်သွေ့လွန်းသော သဲဆန်သောမြေ၊ ချဉ်ဓာတ်ဖောက်သောမြေတို့တွင် မဖြစ်ထွန်းပေ။

မြန်မာပြည်တွင် ကွမ်းရွက်ကို ကွမ်းယာဆိုင်များတွင် ရောင်းချခြင်း စားသုံးခြင်းဖြင့် အများဆုံးအသုံးပြုသည်။ ဒါ့အပြင် တိုင်ရင်းဆေးများဖော်စပ်ရာတွင်လည်း အသုံးပြုသည်။

ကွမ်းစိုက်တော့မည် ဆိုလျှင်အရင်ဆုံး မြေကို အရင်ပြုပြင်သင့်သည်။ ကွမ်းစိုက်မည့်မြေသည် ဘေးနားတွင်ရေဝပ်သောချောင်း၊ အိုင် မရှိရ၊ .လောင်းရိပ်မကျရ၊ သစ်မြစ် ဝါးမြစ် များမရှိရ၊ အနက်၂ပေခွဲခန့် အထိ ခြံပတ်လည်တူးထားပေးသင့်သည်။

ကွမ်းစိုက်မည့်မြေကိုမြေကို လယ်ယာသုံး ပန်းကန်ပြား (သို့) နွားထယ်ဖြင့် သေချာအောင် ထွန်ထားသင့်သည်၊ ထွန်ယက်ထားပြီးနောက်ယခင်ပို့စ်မှာပြောသလို ထုံးနှင့် ဖြူလာရမ် ရောသမပြီး ပတ်ထားသင့်သည်။

ထိုနောက် ကွမ်းစိုက်မည့်မြေကို နောက်ချေး (နွားချီး)နှင့် မြေဆွေး (ဘိုကာရှီ လုပ်ထားလျှင့် ပိုကောင်းသည်)တစ်ဧက ကို နွားချီးနှင့် မြေဆွေးအရော (မြေဆွေးချည်းသက်သက်လည်းပဲရသည်) ထော်လာချီ လေးစီးမှ မိမိထည့်ချင်သလောက်ထိ ထည့်ထားရမယ်၊

ထည့်ထားပြီးနောက် စက်သွားဖြင့် နှံ့စပ်အောင် ထွန်ယက်ပေးရမည် ထို့နောက် ငါးရက်ခန့် ထားကာ မြောင်းဘောင် ပြုလုပ်ခြင်း စရမည်။

မြောင်းဘောင်ပြုလုပ်ရာတွင် လက်ရှိ ထွန်ယက်ထားသည့်မြေကိုသာသုံးသင့်သည်..ဖို့မြေ(တစ်နေရာရာမှ တူးယူထားသည့်မြေ)ကို မသုံးသင့်…သုံးခဲ့သည်ရှိသော် ၆လ -တစ်နှစ်ခန့် မှ သုံးသင့်သည်။

ဖို့မြေ မသုံးခိုင်းခြင်းသည် ဖို့မြေနှင့် အောက်ခံမြေ မတွဲခြင်းကြောင့် ကြားထဲတွင် လေပေါက်များ ရေဝပ်ခြင်းများ ဖြစ်ပေါ်ကာ ကွမ်းပင်ဆုံးရှုံးရတတ်သည်(ကိုယ်တွေ့ကြုံခဲ့ရခြင်းပင်)။

ထိုကြောင့် ထွန်ယက်ထားသော မြောင်းဘောင်ကိုသာ ပြုလုပ်သင့်သည်။ မြောင်းဘောင်ပြုလုပ်ရာတွင် အကျယ် ၁၀-၁၄ လက်မ× အမြင့် ၈- ၁၀လက်မ ၊မောင်းအရှည် မိမိ ပြုလုပ်ချင်သလောက် ပြုလုပ်ထားပြီး စိုက်ပျိုးထားသင့်သည်။

အပေါ်က မြောင်းဘောင်ပြုလုပ်နည်းသည် တစ်ဒေသနှင့် တစ်ဒေသ ကွဲပြားနိုင်သည်။ ထိုမြောင်းဘောင်ပြုလုပ်ထားခြင်းသည် မိမိ ခြံတွင် ပြုလုပ်ထားခြင်းကို သာတင်ပြခြင်းဖြစ်သည်။

မြောင်းဘောင်ပြုလုပ်ပြီးနောက် မြောင်းဘောင်ပေါ်တွင် ကွမ်းပင်တိုင်အဖြစ် ဝါးတိုင်(သို့)သစ်စားတိုင်များကို မြောင်းဘောင် တစ်ဖက်လျှင် နှစ်တိုင်နူန်း ပင်ကြား ၆-၈လက်မ ထားပြီး တိုင်များကို ၈လက်မ အနက်ရောက်သည်အထိ စိုက်ထူးထားသင့်သည်။

ထို့နောက် အပင်ကို အပင်ကို နေရောင် တိုက်ရိုက်မကျရောက်စေရန် ၊ မိုးစက်များ ထိမှန်ခြင်းကြောင့် အပင်မကျိုး အရွက်ထိခိုက်မှု မဖြစ်ပေါ်စေရန် မိုးတန်းကို ပြုလုပ်ရမည်..မိုးတန်း ပြုလုပ်ရာတွင် ကိုင်း ဓနိ သက်ကယ် များကို အသုံးပြုသည်မှာများသည်။

သို့သော် ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံလုပ် ပလတ်စတစ် ဖျင်စိမ်းပါးများကို အသုံးပြုလာကြသည်.အချိန်ကုန် ငွေကုန်သက်သာသည်။

သုံး လေးနှစ်ထိ ပြန်လည် အသုံးပြုနိုင်သည် ပြီးရင်တော့ ကွမ်းခြံကို ပတ်ပတ်လည် ကွမ်းသီးလတ် အုန်းလတ် ငှက်ပြောလတ်များဖြင့် ခြံပတ်ပတ်လည်ကာပေးသင့်သည်။

ထို့နောက် ကွမ်းညွန့် စိုက်ပျိုးရန် ရှာရတော့မည် ကွမ်းညွှန့် စိုက်ပျိုးရှာတွင် ကွမ်းအမျိုးအစား များစွာ ရှိလေသည်။ရိုးစိမ်း ၊ ရိုးညို ၊ ရိုးဝါ ၊ ရိုးနီကြောင် ၊ ထိုင်ဝမ်ကွမ်း ဟူ၍အဓိက လေးငါးမျိုးလောက်ရှိသည်၊

ထိုအထဲ မှ ရိုးစိမ်း ရိုးညို ကို အများဆုံး စိုက်ပျိုးကြသည်။ ဈေးလည်း ကောင်းသည်။ ကျွန်တော်တို့ ဒေသ ဧရာဝတီတိုင်း အနေဖြင့် မြောင်းမြ၊ သိမ်လာ၊ ပုသိမ် ၊သဲဖြူ ၊ ချောင်းသာ ၊ ငွေဆောင် ၊ ဂွ ၊သံတွဲ ဘက်ကို ကွမ်းညွန့်ပွဲစားများဖြင့် အများဆုံးရှာကြသည်။

ကိုယ့်ခြံရှိလို့ အညွှန့် ချိုးစိုက်ရင်လည်း ရသည်၊ ဧရာဝတီတိုင်းဘက်မှ ကွမ်းခြံ အများစုသည် အများဆုံး ၂နှစ်လောက်သာခံသည် နောက်ပိုင်းတွင် အလျော့ထွက်နည်းသွားကြသည်။

မွန်ပြည်နယ် ဘက်တွေတော့ ၆နှစ် ၇နှစ်ခံသည့် ခြံများစွာတော့ တွေ့ဖူးသည်။ ထိုဘက်တွင် ခြံများတွင် ဝါးတိုင် အစား သစ်သားတိုင် စိုက်ကာ လေးငါးနှစ်ခံအောင် နွားချေး နှင့် မြေဆွေးသာကြွေးသည်ဟု သိရသည်။

ထို့နောက် မိမိ စိတ်ကြိုက်ကွမ်းညွန့်များ ဖြတ်တောက် ဝယ်ယူပြီးနောက် အိမ်ကို သယ်ယာသောအခါ ကွမ်း ညွန့်များ ညိုးနေပေလိမ့်မယ် ချက်ချင်း ရေမဖြန်းသင့် “လောင်”ကဲ့သို့သော မှိုသတ်ဆေး တစ်မျိုးမျိုးကို လူမသုံးသော့သည့် ကျောက်စည်ပိုင်း(သို့) သံပီပါ တစ်ပိုင်းပြတ်တွင် ရေအပြည့်ဖြည့်ပြီး

တစ်ထုပ်လုံးထည့်ဖျော်ရမည် ထို့နောက် သားရေလက်အိတ်ရှည်(မြို့ရှိ ပိုးသတ်ဆေး ဆိုင်များတွင် သားရေလက်အိတ်အထူစား စိုက်ပျိုးရေးသုံး မေးဝယ်နိုင်သည် )သုံးကာ ကွမ်းညွန့်များ အစီးလိုက်ကို ယူပြီး ထိုဖျော်ထားသော ရေထဲတွင် နှစ်ကာ နာရီဝက် ခန့် စိမ်ထားရမည်။

ထိုသို့စိမ်ပြီးနောက် ထိုရေထဲမှ ပြန်လည်ဆယ်ယူကာ တစ်နာရီခွဲခန့် ထားပြီးနောက် ကွမ်းညွန့်များ စတင်စိုက်ပျိုးနိုင်သည်။

ကွမ်းညွှန့်များ စိုက်ပျိုးရာတွင် ကွမ်းညွှန့်ကို ကိုင်ကာ မြေကြီးအား လက်နှင့် ယက်ပြီး ကွမ်းညွန့်အား အပေါ်မှ မြေဖုံးပြီး လက်နှင့် နာနာ ရိုက်ပေးသင့်သည်။ အဘယ်ကြောင့် ဆိုသော် မြေကြီးပွကာ ကေဝင်ပြီး ပုတ်ရိနိုင်သောကြောင့်ဖြစ်သည်။

ကွမ်းပင်စိုက်ပျိုးပြီးနောက် ကွမ်းခြံအား နေ့တိုင်း ရေလောင်းပေးသင့်သည်..ရေစုပ်စက်မှပိုက်တပ်ပြီး ရေပန်းကရားဖြင့် လည်းကောင်း အစက်ချ နည်းဖြင့် လည်းကောင်း ရေပေးနိုင်သည်။

ကွမ်းခြံအား ရောဂါမဝင်စေရန် တစ်နေ့ တစ်ခါ မြောင်းစုံအောင်ကြည့်သင့်သည်။ ကွမ်းစိုက်ပျိုးပြီး တစ်လလောက်ကြသည့်အခါ ကွမ်းတိုင်များအား သင်ကူ ဝါး နှီး အတိုလေးများဖြင့် တိုင်ကပ်စေရန် ချည်ပေးရမည်…

ထို့နောက် တစ်လခွဲခန့်ကြာသည့်အခါ အရွက်များနှင့် ကွမ်းအတတ်များ အခက်အခက်များ စွာ ထွက်ပေါ်လာစေရန် ကွမ်းပင် ၏ အညွှန့်ကို တစ်လက်မ နီးပါး ဖြတ်ပေးရမည်..ထိပ်ညွှန့်ဖြတ်သည်ဟုခေါ်သည်။

နောက်ထပ်ဆယ်ရက်ခန့်တွင် ကွမ်းပင်အရွက်ကြမ်းများကို ဖယ်ထုတ်ပေးရမယ်။ အဘယ်ကြောင့်ဆိုသော် ထိုအရွက်များကြောင့် အသစ်ထွက်လာသော အရွက်များဆီသို့ အားမရောက်တော့ပေ..(အောက်လက်သိမ်းသည်ဟုခေါ်သည်)အောက်လက်သိမ်းပြီးသည်နှင့် ကွမ်းပင်အား အစာကြွေးရမည် ကွမ်းပင် တိုင်ကြား။

မြောင်းအကျယ်ကြား အပင် အရွက်အားတိုးစေမည့် NPK 15:7:8,16:16:8 ကဲ့သို့သော မြေသြဇာများကြွေးရမည်။

အစာကျွေးပြီးနောက် နောက်ထပ် အရက်နှစ်ဆယ် တစ်လခန့်တွင် ကွမ်းရွက်များကို စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။

ခူးဆွတ်ရာတွင် အရွက်နုများကို ချန်ထားသင့်သည်။ ခူးဆွတ်ပြီးသည်နှင့် ညနေပိုင်းတွင် ဓာတ်မြေသြဇာNPKတစ်ခုခု ကျွေးသင့်သည်။

ကွမ်းအပင်ထွားကြိုင်းရန် အရွက်တိုးရန် လစ်တိုစင် ကဲ့သို့သော အပင်အရွက် အားတိုးဆေးများ ဖျန်းပေးသင့်သည်။

ကွမ်းရွက်များနှင့်ပတ်သတ်၍ ယင်ဖြူ ငမြေတောင် ရွက်လိပ်ပင့်ကူ များရှိသည်…ဆေးဆိုင်များတွင် ဝယ်ယူမေးမြန်းပြီး တစ်ခုခုဖြန်းသင့်သည်။

ရောဂါအနေဖြင့် ဆီစွန်း ရွက်ပုပ် အပင်ပုပ် အမြစ် ပုပ် အခြားမှိုရောဂါများကျနိုင်ပြီး ရောဂါဖြစ်ရင် ကူးစက်လွယ်သဖြင့် အထူးဂရုစိုက်သင့်သည်။

မြောင်းဘောင်များကိုလည်း အမြစ်များမပေါ်စေရန် အောက်တတ်များထွက်စေရန် ကောက်ရိုးဆွေး သို့ စက်ပြာများဖုံးအုပ်ပေးသင့်သည်။

ခူးဆွတ်ခြင်းတွင် ပထမအကြိမ်စခူးချိန်မှစ၍ (၁၅) ရက်တစ်ကြိမ် ကွမ်းရွက် များကိုခူးဆွတ်နိုင်သည်။ မော်လမြိုင်ဘက်တွင်တော့ တစ်လမှ တစ်ကြိမ်သာ ခူးသည်။

ကျွန်တော်တို့ဒေသ ဧရာဝတီတိုင်းဘက်တွင်တော့ (၁၅) ရက်တစ်ကြိမ် တစ်လနှစ်ကြိမ်ခူးသည်။ ရောဂါမဝင် အနာမဝင်ပါက ကွမ်းညွှန့် ၃၀၀၀ တစ်ခြံကို ပိသာ ၅၀-၁၀၀ကြားထွက်နိုင်သည်။

ကွမ်းဈေးကောင်းလျှင်တစ်ပိသာ ၈၀၀၀-၁၅၀၀၀ပတ်ဝန်းကျင်ရနိုင်သည်။ ကွမ်းစိုက်ပျိုးရေးကြောင့် ချမ်းသာသွားသူများလည်း ဒု နှင့်ဒေးပင်။

စိုက်ပျိုးသင့်သော လုပ်ငန်းတစ်ခုပင် ဖြစ်သော်လည်း ဂရုတစိုက်လုပ်ကိုင်မှသာ ဖြစ်ထွန်းမည်။

#ခရက်ဒစ် to စိုက်ပျိုးရေးဦးစီးဌာန