Knowledge

လူတိုင်းသိသင့်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အကြောင်းအရာ (၅)ခု.

အားလုံးပဲအိမ်မှာနေရတာ ပျင်းနေကြလောက်ပီထင်ပါတယ်။ သင်ယူပါကို စဉ်ဆက်မပြတ် ကြည့်ရှုအားပေးနေကြသူတွေအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ရှာဖွေတင်ဆက်ပေးလျှက်ရှိရာ

ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးတွေ အကြောင်းကို စုစည်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ မြန်မာ့ပထမဆုံး စက်မှုအင်ဂျင်နီယာ

မင်းတုန်းမင်းလက်ထက် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ကနောင်မင်းသားကြီးရဲ့ စီမံမှု မြန်မာလူငယ်တွေ ပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ပြီး စက်မှုလက်မှု ပညာရပ်တွေကို သင်ယူစေခဲ့ပါတယ်။

ရည်ရွက်ချက်ကတော့ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတော်ကြီး အဖြစ် တည်ထောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ပညာတော်သင်တွေထဲကမှ ပြင်သစ်ပြန် ဖန်ချက်ဝန် ဦးရွှေအိုးဟာ

ပထမဆုံး မြန်မာလူမျိုး အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း သိပ္ပံပညာကို စိတ်ပါဝင်စားသူဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက သိပ္ပံပညာရှင်တွေနဲ့လည်း အသိအကျွမ်းတွေ ဖြစ်ခဲ့ပါတယ်။

ဦးရွှေအိုးရဲ့ ဟာ ကျွန်တော်တို့ Chemistry ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ periodic table ကိုရှာဖွေဖော်ထုတ်ခဲ့တဲ့ ရုရှားသိပ္ပံပညာရှင် Dmitri Mendeleev နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။

၂။ မြန်မာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး

1954 ခုနှစ် ဇွန်လ 25 ရက်နေ့မှာတော့ ရန်ကုန်ကနေ စစ်တွေကိုသွားနဲ့ ဒါကိုတာ လေယာဉ်ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO မှ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲပစ်မယ်လို့ ချိန်းခြောက်ကာ ပြန်ပေးဆွဲခဲ့ပါတယ်။

ပြန်ပေးဆွဲသူတွေရဲ့ရည်ရွယ်ချက်ကတော့ ဖဆပလအစိုးရကို တိုက်ခိုက်ဖို့အတွက် လက်နက်ကြီးတွေကို သယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ၎င်းလေယာဉ်ဟာ

ခရီးသည် ၁၄ ဦး လိုက်ပါစီးနင်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့မှာရှိတဲ့ သဲသောင်ပြင်တစ်ခုမှာ ဆင်းသက်ခဲ့ပါတယ်။ KNDO အဖွဲ့အနေနဲ့ လွဲချော်မှုတွေ ရှိခဲ့တာကြောင့် ၎င်းတို့ရဲ့မူလအစီအစဉ်ကို ဖျက်သိမ်းကာ

လေယာဉ်ပေါ်မှာ ပါလာတဲ့ အစိုးရငွေ ၇၂၄၀၀၀ ကျပ်ကို ယူဆောင်ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီ့ခေတ်က သတင်းစာတွေမှာတော့ အစိုးရငွေများ ဓားပြတိုက်ခံရသည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကို အခြေခံပြီးတော့ 2016 ခုနှစ်မှာ Burma’s Hijack ဆိုတဲ့ ရုပ်ရှင်ကို ဖြိုးနှင့်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်။

၃။ မြန်မာ့ပထမဆုံးရုပ်ရှင်

မေတ္တာနဲ့ အသူရာ love and liquor လို့အမည်ရတဲ့ မြန်မာ့ပထမဆုံး အသံတိတ်ရုပ်ရှင်ကိုတော့ 1920 ခုနှစ်၊ October 13 ရက်နေ့မှာ Burma Flim Company ကနေ ဖြန့်ချီခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့အရက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်ထိ ပျက်စီးစေနိုင်လဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ပီမိုးနင်းရဲ့ ဝတ္ထုကို ဒါရိုက်တာအဖြစ် မြန်မာ့ရုပ်ရှင်ကိုတည်ထောင်သူ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး မင်းသားကြီး ဦးညီပု၊ မင်းသမီး ဒေါ်အေးကြည်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

၄။ မြန်မာ့ပထမဆုံးကာလပေါ်ဝတ္ထု

မြန်မာ့ပထဆုံးကာလပေါ်ဝတ္ထုကိုတော့ James Hla Kyaw ကရေးသားခဲ့ပြီး မောင်ရင်မောင်နဲ့မမယ်မြလို့ အမည်ရပါတယ်။

ပြင်သစ်စာရေးဆရာကြီး အလက်ဇန်းဒါး ဒျူးမားရေးသားခဲ့တဲ့ ကောင့်အော့ဖ်မွန်တီခရစ်စတို(မွန်တီခရစ်စတိုမြို့စားကြီး)ဆိုတဲ့.. ဝတ္ထုကို မှီငြမ်းကာ မြန်မာမှုပြုပြီးတော့ ပြန်လည်ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီဝတ္ထုကိုတော့ 1904 ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

၅။ မြန်မာ့ ပထမဆုံးသတင်းစာ

မြန်မာ့ပထမဆုံး သတင်းစာကိုတော့ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက် 1873 ခုနှစ် Aug 15 ရက်နေ့မှာ ရတနာပုံနေပြည်တော် သတင်းစာဆိုတဲ့ အမည်နဲ့ ပုံနှိပ်ဝေခဲ့ပါတယ်။

နန်းတွင်းကနေထုတ်ဝေတာဖြစ်တဲ့အတွက် ပထမဆုံး နိုင်ငံပိုင် သတင်းစာလည်းဖြစ်ပါတယ်။ ဒီသတင်းစာမှာတော့ စုစုပေါင်း Article 17 စောင်ပါဝင်ခဲ့ပါတယ်။ ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။#Crd