“အပ်”ပျောက်ရင်”ဆင်”နဲ့ရှာပါ
ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ ဖူးပါတယ် “အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား”ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး
နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့ အမြင်မှန်ရသွားခဲ့ရပါတော့တယ် (အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့ အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်
တစ်ကယ်တော့”အပ်”ဆိုတာက လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့ အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ် ပါဘူး ပညာရှိတွေပြောတဲ့”အပ်”ကတော့ လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိ မှာ ပြောစရာကိစ္စရှိလာတဲ့အခါ
ပြော”အပ်” မပြော”အပ်”သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ သွား”အပ် မသွား”အပ်”နေစရာကိစ္စများနဲ့ကြုံတဲ့အခါ နေ”အပ်”မနေ”အပ်” မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို”အပ်” မလို”အပ်” အစရှိတဲ့လူမှု ဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာတွေပါ
တစ်ခါတရံ မိမိတို့မှာ လုပ်အပ် မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ် အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်းအားဖြင့် “အပ်” ပျောက်နေရင် ခုနကပြောတဲ့ “ဆင်”ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့..။
“ဆင်” ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး နည်းမှန်လမ်း မှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတောမှုလို့ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကို ဆိုလိုတာပါ “အပ်”ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့ ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်နေရင် (ဆင်ခြင်တုံတရား)လေးနဲ့စဉ်းစားဆုံးဖြတ်ပါ။
(ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေ ဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားကတော့ (သတိနဲ့ဉာဏ်ပညာ)ပါ အဲဒီတရား ၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့”အပ်”ကို ရှာဖွေပေးနိုင်မှာပါ
ဒါကြောင့်မို့ ပျောက်နေတဲ့”အပ်”ကိုရှာဖွေဖို့ မိမိတို့မှာ”ဆင်” ရှိဖို့လိုပါတယ် နည်းမှန်လမ်းမှန် သမာသမတ်ကျ ကျစဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်မှု(အခံ) ရှိရပါမယ်
အဲဒီနည်းမှန်လမ်းမှန်တွေးခေါ် သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ သူတော်ကောင်းမိတ်ဆွေရှိရပါမယ်ပညာရှိသူတော်ကောင်းဆရာများထံမှာ ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်ရပါမယ်။
အဲဒီလိုလေ့လာသင်ယူနိုင်အောင် လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော် ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်း ကပ်ရပါမယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန် ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို ဖြစ်စေပါတယ်
ဒါကြောင့်မြတ်စွာဘုရားရှင်က “အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့ အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်” လို့(သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ) သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်။
ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော် ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန် သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီး တစ်ခါတရံ ပျောက်နေတတ်တဲ့မိမိတို့ “အပ်” ကို “ဆင်”စီးပြီးရှာဖွေ တွေ့ရှိနိုင် ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါ ပြုလိုက်ပါကြောင်း
Credit to original writer