ခရမ်းချဥ်သီး တောင်သူတွေ ကျတဲ့ မျက်ရည်တွေကို ကူသုတ်ပေးနေတဲ့ ရွှေဆံပင်ဆရာတော်
မုံရွာမှာ လုံးဝမတက်တဲ့ကုန်စျေးနှုန်း၊ မနက်က မြို့ထဲသွားရင်း သံလမ်းစျေးနားမှာ ရွာတွေကနေ လာရောင်းတဲ့ ခရမ်းချဉ်သီးသည်တွေ မျက်နှာမကောင်းကြလို့
မေးကြည့်တဲ့အခါ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်တွေ တပိဿာ ၁၀၀ (မြန်မာငွေတရာ) ကို ဝယ်မယ့်သူက သိပ်မရှိဘူးတဲ့ဗျာ။
ပြီးခဲ့တဲ့လက နှစ်ထောင်ကျော် ခုတခြားကုန်စျေးနှုန်းတွေ တက်တဲ့အချိန် ၁၀၀ တဲ့ စိတ်မကောင်းစရာပါပဲ။ တကယ်လိုအပ်တဲ့ တချို့နေရာဆိုရင်တော့ သိပ်တန်ဖိုးရှိမှာပါ။ ဒါကြောင့်အတွေးလေးဖြစ်မိတာကတော့ တခြားမြို့က တကယ်လိုအပ်တဲ့ ဘုန်းကြီးကျောင်းတွေ ပရဟိတအဖွဲ့တွေနဲ့
လှူမယ့်သူတွေဆီကို တန်ဆာခ တာဝန်ယူကြမယ်ဆိုရင် ခရမ်းချဉ်သီးတွေကို ရွှေဆံပင်အဖွဲ့က ဝယ်ပြီး ပို့လှူပေးချင်ပါတယ်။ နှစ်ဦးနှစ်ဖက်ကို ကူညီတဲ့သဘောပေါ့။ ဖြစ်နိုင်မယ်ဆိုရင် တပိဿာနှစ်ရာလောက်ထိ တိုးပေးပြီး ဝယ်ပေးချင်ပါတယ်
ဒီနေ့တတိယနေ့ ခရမ်းချဉ်သီး ပိဿာ ၆၀၀၀ ကျော် ဝယ်ယူပေးနိုင်ခဲ့ပါတယ်။ သတင်းကတော်တော်ပြန့်သွားပြီး ခက်ခဲသူကို ကူညီပေးချင်ကြတဲ့ မြန်မာတို့ရဲ့စိတ်ရင်းကြောင့် ကူရင်းလှူရင်း ဝယ်ယူအားပေးသူတွေရော လိုအပ်သည့်နေရာသုံးဖို့လှူပေးသူတွေပါ အတော်များလာခဲ့ပါတယ်။
ရဝေနွယ်အင်းမဆရာတော်ကလည်း ၅ သိန်းဖိုးဆီ သုံးရက်လှူပြီး နောက်ထပ် ဆယ်သိန်းဖိုးထပ်လှူပေးမှာပါ ဦးအောင်မျိုးဟိန်း ဒေါ်နီနီတင်ထွန်းတို့ Authentic Group of Companies မိသားစုကလည်း ရန်ကုန်လှူဖို့ ၁၅ သိန်းဖိုး ဝယ်လှူသည့်အပြင် မုံရွာဝန်ကျင်ကျောင်းများနှင့် လိုအပ်သည့်နေရာများအတွက် တပိဿာ သုံးရာပေးခိုင်းပြီး ၁၀ သိန်းဖိုးထပ်မံလှူဒါန်းပေးပါတယ်။
ဒီနေ့ထူးထူးခြားခြား မုံရွာနဲ့မိုင်သုံးဆယ်ကျော်ဝေးတဲ့ ဘုတလင်မြို့နယ် ညောင်ကန်ရွာက (မယ်နုအုဌ်ကျောင်း ဆရာတော်ဦးဗုဓ်ရဲ့ဇာတိရွာ) ခရမ်းချဉ်စိုက်တဲ့ ဒကာမကြီးတယောက်က ဆရာတော် ဝယ်တယ်ဆိုလို့ဝမ်းသာလိုက်တာ တပည့်တော်တို့ အသီးတွေ
မရောင်းရသေးဘူးဘုရား မနက်ဖြန်လာရောင်းချင်လို့ ဝယ်ပေးပါဘုရားဆိုပြီး ဝမ်းနည်းဝမ်းသာ ရင်တမမနဲ့ ဖုန်းဆက်ပြီး လျှောက်ထားလာလို့ မနက်ဖြန် လာသမျှ အကုန်ဝယ်ပေးမယ်လို့ ပြောပေးလိုက်ပါတယ်။
အားလုံးရဲ့စေတနာကြောင့် တောင်သူတွေလည်းဝမ်းသာ အလှူရသူတွေလည်း ပျော် အလှူရှင်တွေလည်းစိတ်ချမ်းသာ အကျိုးဆောင်ပေးသူတွေလည်းပီတိဖြစ်ကြရပါတယ်။ မနက်ဖြန်တော့ လာသမျ အကုန်ဝယ်နိုင်ဖို့ စီစဉ်ထားပါတယ်။
တရက်ကိုပိဿာ ၈၀၀၀ ကျော်လောက်လာပါတယ်။ နောက်ရက်တွေပါသိမ်းနိုင်အောင် စုပေါင်းကုသိုလ်အားနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ စုံစမ်းလိုသူများ ၀၉၄၀၀၈၀၆၀၀၄ ၀၉၇၇၇၀၀၀၅၂၉ ကိုဆက်သွယ်ပါ ကုသိုလ်ပါဝင်လိုသူများ
၀၉၄၀၀၄၇၁၄၂၂ (Shwe Sanpin SayarTaw) ခရမ်းချဉ်သီး တပိဿာ တရာဈေးကို ဝယ်မယ့်သူ မရှိတာကြောင့် တောင်သူတွေ အခက်ကြုံနေရတဲ့ သတင်းအပြည့်အစုံ..
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကူ)မြို့နယ်၌ ခရမ်းချဉ်သီးစျေး ထိုးကျနေ၍ တောင်သူအများစု အရှုံးကြီးပေါ်နေပြီး အချို့တောင်သူများ နွားစာအဖြစ်သာ ကျွေးနေရက အချို့ခရမ်းချဉ်ထွက်ကုန်များမှာ ပုတ်ကုန်၍ အလေအလွှင့်ဖြင့် ဆုံးရှုံးမှုများနေကြောင်း အဆိုပါဒေသရှိ တောင်သူများထံမှ စုံစမ်းသိရပါတယ်။
“စျေးစဖွင့်တုန်းကဆို ၁ ပိဿာကို ၂,၅၀၀ ထိရခဲ့တာ။ အဲ့တုန်းကတော့ မဆိုးဘူး၊ အခုကျတော့ ၁ ပိဿာကို ၁၅၀၊ ၂၀၀ ပဲ ရတော့တယ်။ အဲ့ဒါတောင် ဝယ်မယ့် သူမရှိဘူး။ အခု ခူးပြီးသားတွေ ပုတ်ကုန်လို့ လွှင့်ပစ်လိုက်ရတယ်” ဟု မင်းဘူး (စကု) မြို့နယ်ရှိကျောက်တန်းကျေးရွာမှ ခရမ်းချဉ်သီးစိုက်ပျိုးနေသူ မအေးမိက ပြောပါတယ်။
ယခင်နှစ်ဆောင်းအကုန်၌ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင်တော့ စိုက်ပျိုးစရိတ်တောင် ပြန်မရရှိတော့ကြောင်း သိရပါတယ်။ “ကျွန်တော်တို့ အပင်စပျိုးတုန်းကဆိုရင် ဒီဇယ် ၁ ဂါလန်ကို ၈,၅၀၀ ပေးရတယ်။ ဧကတစ်ဝက်လောက်ကို ၂ ဂါလန်လောက်ကုန်တယ်။
စက်မောင်းပြီး ရေဖြန်းရတာ အစအဆုံး ၁၅ သိန်းကနေ သိန်း ၂၀ လောက် ကုန်ကျခဲ့တာ။ အခုတော့ ၁ ပိဿာကို ၁၀၀ တောင် ဝယ်မယ့်သူ မရှိဘူး။ ဘယ်လိုလုပ်ရမလဲ၊ အရင်းတောင် ပြန်မရဘူး။ အဲ့တော့ နွားတွေကို ကျွေးလိုက်တယ် အေးရော” ဟု
ကျောက်တန်း ရွာမှ ခရမ်းချဉ်စိုက်ပျိုးနေသူကို အောင်ဇော်မျိုးက ပြောပါတယ်။
ခရမ်းချဉ်ပျိုးပင်မျိုးစေ့တစ်ထုပ် ကျပ် ၁၈,၀၀၀ ပေးရပြီး တစ်ထုပ်လျှင် အစေ့ရေ ၅၀၀ ခန့်ပါရှိကြောင်း သိရပြီး၊ တစ်ဧက ၄ ထုပ်ခန့် ပျိုးကြဲစိုက်ရကာ တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ထွက်ရှိကြောင်း သိရပါတယ်။
“ပြောရရင်တော့ ခရမ်းချဉ်ကုန်တွေ တစ်ပြိုင်တည်းပေါ်လာချိန်မို့လို့လည်း ပါမယ်။ အရင်တုန်းကဆိုရင် ကုန်ချိန်က ၃,၀၀၀ လောက်ပဲဝင်တာ၊ အခုကုန်ချိန်က ၉,၀၀၀ လောက်ဝင်လာတာဆိုတော့ အရမ်းပေါများသွားတယ်။
စားသုံးသူအနေနဲ့တော့ တန်ပြီး စိုက်ပျိုးတဲ့ တောင်သူတွေအတွက်တော့ အရှုံးပေါ်သွားတာပေါ့ ဗျာ” ဟု ရန်ကုန်၊ တညင်းကုန်းစျေးမှ ကုန်းစိမ်းရောင်းဝယ်ရေးဒိုင်တဦးက ပြောပါတယ်။ ခရမ်းချဉ်သီးအများဆုံးစိုက်ပျိုးသည့် ကျောက်ပန်းတောင်း၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ မလိုင်၊ ခရမ်းမြို့များတွင် ယခုနှစ် အရှုံးများပေါ်နေကြောင်းလည်း ထပ်မံ သိရပါတယ်