Knowledge

တသက်လုံးမှတ်သားထားရမယ့် စကား (၈) ခွန်း…

တသက်လုံးမှတ်သားထားရမယ့် စကား (၈) ခွန်း

တခါတုန်းက အမျိုးသားတဦး ရှိသတဲ့။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပါ။ အရွယ် ရောက်လာတဲ့ အခါမှာတော့မိဘတွေဟာ သူ့အတွက် မိန်းမတယောက် ရှာပြီး ပေးစားလိုက် ပါတယ်။

ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြ ပေးပါတယ်။

ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တပတ်တောင် မခံပါဘူး။

ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။

ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက်

အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။

“အတွေ့အကြုံ ဝမ်းစာ မပြည့်သေးတဲ့ အချိန်မှာ တချို့လူတွေ ကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင် တာလည်း ရှိသလို

မထုတ်ပြနိုင် တာလည်း ရှိတတ်ပါတယ်။ ဒီအတွက်နဲ့တော့ ဝမ်းနည်းဖို့ မလိုပါဘူး။

ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင်စောင့်နေမှာပါ” လို့ ပြောခဲ့ပါတယ်။

နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။

အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ပါ တဲ့။ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။

“ခြေလက်ဆိုတာ နှေးတာလဲ ရှိသလို မြန်တာလဲ ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။

ရှင့်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ” တဲ့။

ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။

ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတခု မဟုတ် တခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူစိတ်ပျက် လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်း

သူ့ဇနီးက အမြဲ နှစ်သိမ်လေ့ ရှိပြီး သူ့အပေါ်မှာလည်း တခါမှ မညည်းညူ ခဲ့ပါဘူး။

ဒီလိုနဲ့ သူရဲ့အသက် ၃၀ ကျော်တဲ့အခါ မှာ သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက်

မသန်စွမ်းသူတွေ အတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ဝင်လုပ်ပါတယ်။

နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တခုကို ထူထောင်လိုက် ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ မြို့အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်းအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတဦး ဖြစ်လာပါတယ်။

တနေ့မှာတော့ “အောင်မြင်သူတို့ရဲ့ စကားသံများ” အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်။

“မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်း ကများ

သူ့အပေါ် ယုံကြည် ကိုးစားချက် ရှိစေခဲ့ပါသလဲ” တဲ့။ သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူ လှပါတယ်။

သူမ ပြန်ဖြေလိုက်တာကတော့ “မြေတကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့။

 

ပဲထွက် မကောင်းရင် သစ်သီးပင်စားပင် စိုက်လည်းရတာပဲ။

အကယ်လို့ သစ်သီးပင်စားပင် မဖြစ်ထွန်းလဲ ပန်းမျိုးစေ့တွေ နဲနဲကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။

အကြောင်းကတော့ မြေတကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိုးစေ့ တစေ့စေ့ ကတော့ ရှိလာမှာပါ။

နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှုကတော့ ရှိလာမှာပေါ့”

အိမ်သူသက်ထားရဲ့ စကားလဲ ကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည် ကျလာပါတယ်။

တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာ တို့သည်

မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိုးစေ့ပင် ဖြစ်နေလေသည်။

သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိုးစေ့လေးကို မှီခိုပြီးမှ ရှင်သန်ကြီးထွားခဲ့သော ဆန်းကြယ်မှုတို့ပင် ဖြစ်သည်။

လောကမှာ သုံးစား၍ မရသောသူ ဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဒီပုံပြင်လေး ဖတ်မိရင် ဖာသိဖာသာ မနေပါနဲ့။ တဦးနဲ့ တဦး လက်ဆင့်ကမ်းပေး ကြပါ။ ဒီစကား ၈ ခွန်းကိုလည်း မှတ်သားထားကြပါ။

(၁) တန်ဖိုးထားရကောင်းမှန်း မသိလျှင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လည်း ပျော်ရွှင်လိမ့်မည် မဟုတ်။

(၂) ခွင့်လွတ်ရကောင်းမှန်း မသိလျှင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ ထွက်ခွာသွားကြမည်သာ။

(၃) ကျေးဇူးမှန်း မသိတတ်လျှင်၊ မိုးပျံအောင် တော်နေပါစေ အောင်မြင်လိမ့်မည် မဟုတ်။

(၄) နှိုးကြားထကြွမှု မရှိလျှင် ဖြတ်ထိုးဉာဏ် ကောင်းစေဦးတော့ အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

(၅) ပူးပေါင်းလုပ်ဆောင်ရမှန်း မသိလျှင်၊ အစွမ်းကုန် ကြိုးစားစေဦး အောင်မြင်ရန် ခဲယဉ်းသည်။

(၆) စုဆောင်းရကောင်းမှန်း မသိလျှင် ငွေပိုရှာနိုင်စေဦးတော့ ကြွယ်ဝသူ ဖြစ်ခဲသည်။

(၇) ဘဝရောင့်ရဲမှု မရှိလျှင် ၊ပိုချမ်းသာစေဦးတော့ ဘဝမှာ ကျေနပ်ပျော်ရွှင်သူဖြစ်ခဲသည်။

(၈) ကျန်းမာရေးကို ဂရုစိုက်ရကောင်းမှန်း မသိလျှင်၊ ကုသမှုစရိတ် တတ်နိုင်စေဦးတော့ အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်။

Credit ~မူရင်း