Knowledge

အမောက်လေးတော့ ထောင်ထားပါ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

ရှေးရှေးတုန်းက ရွာတရွာ၏အနီး လယ်ပြင်တွင် အင်မတန်မှ အဆိပ်ပြင်းသော မြွေဟောက်ကြီးတကောင် ရှိခဲ့သည်။ ထို

မြွေဟောက်ကြီးသည် ရွာအပြင် လယ်ကွင်းထဲ ထွက်လာသူအားလုံးကို လိုက်၍ ကိုက်သတ်နေသောကြောင့် ရွာသားများသည် ရွာအပြင် လယ်ကွင်းထဲကို မည်သူမျှ မသွားရဲကြပေ။

ထိုအခါ ရသေ့ကြီး တပါးသည် ရွာထဲသို့ ဆွမ်းခံကြွလာသောအခါ ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီးအကြောင်း

လျှောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကို မေတ္တာပို့သ၍ ခန္တီတရား လက်ကိုင်းထားကာ မြွေဟောက်ကြီးရှိရာ ရွာအပြင် လယ်ကွင်းထဲသို့ သွားလေ၏။

မြွေဟောက်ကြီးသည် ရသေ့ကြီး လယ်ကွင်းထဲ ထွက်လာသည်ကို မြင်တယ် ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့ ပြေးကာ ကိုက်လေ၏။

ရသေ့ကြီးသည် မြွေဟောက်ကြီးမည်မျှ ကိုက်နေပါမူ ဘာမျှမဖြစ် အပြုံးမပျက်ပဲ သည်းခံတော်မူ၍ မေတ္တာကိုသာ ကြိမ်ဖန်များစွာ ပွားများနေလေသည်။

ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ မေးလေသည်။ “အရှင်ရသေ့ ကျွန်ုပ်၏ အဆိပ်ဟာ အင်မတန် ပြင်းသည်။ ကျွန်ုပ်

ကိုက်၍ ကွမ်းတယာညက်မျှ ကြာလျှင် လူသားတွေဟာ သေကုန်ပါတယ်။ သို့သော် အရှင်ရသေ့က အဘယ်ကြောင့် မသေပါသနည်း”

ထိုသို့မေးသောအခါ ရသေ့ကြီးက “အသင်မြွေဟောက်၊ မေတ္တာထား၍ သည်းခံခြင်းကြောင့်သာ သင့်အဆိပ်ကို ကျွန်ုပ်အောင်နိုင်ခြင်း ဖြစ်တယ်။ ဒါကြောင့် သင်သည်လည်း လူသားတွေကို ဒေါသအဆိပ်ဖြင့် အနိုင်ယူခြင်းထက် မေတ္တာထား၍ သည်းခံ

ခြင်းဟာ အရာအားလုံးကို အောင်မြင်နိုင်ပါတယ်။ သင်သည်လည်း ယနေ့ကစ၍ လူသားတွေကို မကိုက်သတ်ပါနဲ့။ မေတ္တာထား၍ သည်းခံပေးပါ” လို့ ဆုံးမတော်မူလေသည်

ထိုအခါ မြွေဟောက်ကြီးလည်း သဘောကျ နှစ်သက်၍ ကတိသစ္စာ ပေးလိုက်၏။ မြွေဟောက်ကြီး မကိုက်တော့မှန်း သိလေသောအခါ ရွာသားများသည် မြွေဟောက်ကြီး၏ အပေါ်ကနေ ကျော်ခွသွားလေ၏။ မြွေဟောက်ကြီးက မော့ကြည့်ကာ “အော် မေတ္တာထား သည်းခံရမယ်လေ” ဆိုကာ သည်းခံ၍သာ နေလေ၏။

ထို့နောက် ရွာသားများဟာ မြွေဟောက်ကြီးကို နင်း၍ သွားကြ၏။ ထိုအခါမှာလည်း မော့ကြည့်ကာ “အော် မေတ္တာထား သည်းခံရမယ်လေ” ဆိုကာ သည်းခံ၍သာ နေလေ၏။ အချိန်ကြာလာသည်နှင့် အမျှ ရွာသားများဟာ မြွေဟောက်ကြီးကို ပျက်ရယ်ပြုက ကလေးတွေက အစ ခွေခေါက် ကစားလာကြသည်။ ထိုအခါတွင်လည်း “အော် မေတ္တာထား သည်းခံရမယ်လေ” ဆိုကာ သည်းခံ၍သာ နေလေ၏။

အဲဒီလိုနဲ့ ရွာသားများဟာ မကိုက်မှန်း သိလေတော့ ပို၍တိုး၍ မြွေဟောက်ကြီးကို ညှဉ်းဆဲလာကြသည်။ အခြေအနေက ဘယ်အထိ ရောက်လာသလဲဆိုရင် အမြီးကိုင် ဝှေ့ယမ်း ကစားကြလေသည်။

“ဒီတော့ မဖြစ်လေဘူး။ ဒီအတိုင်းဆို ငါသေလိမ့်မည် အရှင်ရသေ့ထံ သွားမေးလျှောက်ဦးမှပဲ” လို့ ကြံကာ ထွက်လာခဲ့၏။

ရသေ့ကြီးထံ ရောက်တဲ့အခါ “အရှင်ရသေ့ ပြောတော့ သည်းခံခြင်း မေတ္တာထားခြင်းဟာ အရာရာ အောင်မြင်နိုင်တယ်ဆို။ ခုတော့ သေရတော့မယ့် အခြေအနေ ရောက်လာပါပြီ ဘုရား” လို့ လျှောက်တော့ ရသေ့ကြီးက ရယ်လေ၏။ ထိုအခါ မြွေဟောက်ကြီးက “အရှင်ရသေ့ အဘယ်ကြောင့် ရယ်ရပါသလဲ”

“အော် မေတ္တာထား သည်းခံရမည် ဆိုတာ လူတွေကို အန္တရာယ်မပေး မကိုက်သတ်ဘဲ နေရမယ်လို့ ပြောတာပါ။ ဒါပေမဲ့ မင်းက အမောက်ကလေးတော့ ထောင်အုံးမှပေါ့။ သို့မဟုတ်ပါက မထီလေးစား ပျက်ရယ်ပြုတာ ခံရနိုင်တာပေါ့။ ဒါကြောင့် အမောက်လေးတော့ ထောင်ပြလိုက်ပါ” လို့ မှာ၍ ပြန်လွှတ်လိုက်လေ၏။

ထို့နောက်တွင်တော့ မြွေဟောက်ကြီးသည် ရွာသားများ သူ့အနားလာသည်နှင့် အမောက်ထောင်ပြလိုက်ရာ ရွာသားတို့သည်လည်း အနားမကပ်ရဲတော့ဘဲ အဝေးမှ ကွေကွင်းသွားလေသည်။ သည်းခံတယ် ဆိုပေမယ့် ကိုယ့်မညံ့ဘူး အစွမ်းအစ ရှိတယ်ဆိုတာတော့ ပြသပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့။ crd












