ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကာ ၄ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန ဖော်ပြချက်များအရ သိရသည်။ဇွန်လ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတစ်စီးသည် ဘန့်ပအင်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ရဲစစ်ဆေးရေးဂိတ်ကို တွေ့ရှိသောကြောင့် အရှိန်ဖြင့် မောင်းနှင် ထွက်ပြေးရာမှ ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
မီးလောင် ပေါက်ကွဲမှုကြောင့် ကားအတွင်း၌ လိုက်ပါလာသူ ၄ ဦးသေဆုံးပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကျန် ၁ ဦးမှာ ခွဲခြား၍ မရသေးကြောင်း၊ ထို့ပြင် ကားပေါ်၌ လိုက်ပါလာသည့် မြန်မာအလုပ်သမား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးမှာလည်း ဒဏ်ရာ ရရှိကာ ၃ ဦးကို ဝမ်းနွိုင်းဆေးရုံ၊ ကျန် ၃ ဦးကို ဘန့်ပအင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ကားသည် ဘန်ကောက်မြို့သို့ ဦးတည် သွားနေခြင်းဖြစ်ပြီး ကားပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၉ ဦး လိုက်ပါလာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများသည် မြန်မာ အလုပ်သမားများဖြစ်ပြီး ကားသမားသည် သေဆုံးသူများထဲတွင် ပါဝင်နိုင်ကြောင်း၊ သေဆုံးသူများသည် မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်း လျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မည်သည့် နိုင်ငံသားဖြစ်သည်ကို အတည်ပြုရမည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်ကို ထိုင်းသတင်းဌာနများက ဖော်ပြချက်ထားသည်။
မေလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၇၀ ခန့် ဖမ်းဆီးခံရပြီး ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။
ထိုင္းႏိုင္ငံ၊ အယုဒၶယခ႐ိုင္ရွိ အာရွလမ္းမႀကီးတြင္ ျမန္မာအလုပ္သမားမ်ား တင္ေဆာင္လာေသာ ကားတစ္စီး တိမ္းေမွာက္ၿပီး မီးေလာင္ေပါက္ကြဲကာ ၄ ဦးေသဆုံးခဲ့ေၾကာင္း ထိုင္းသတင္းဌာန ေဖာ္ျပခ်က္မ်ားအရ သိရသည္။ဇြန္လ ၁ ရက္ေန႔ နံနက္ အေစာပိုင္းတြင္ ျမန္မာအလုပ္သမားမ်ား တင္ေဆာင္လာသည့္ ကားတစ္စီးသည္ ဘန႔္ပအင္းေဒသရွိ အာရွလမ္းမႀကီးေပၚတြင္ ရဲစစ္ေဆးေရးဂိတ္ကို ေတြ႕ရွိေသာေၾကာင့္ အရွိန္ျဖင့္ ေမာင္းႏွင္ ထြက္ေျပးရာမွ ကားတိမ္းေမွာက္ၿပီး မီးေလာင္ေပါက္ကြဲခဲ့ေၾကာင္း သိရွိရသည္။
မီးေလာင္ ေပါက္ကြဲမႈေၾကာင့္ ကားအတြင္း၌ လိုက္ပါလာသူ ၄ ဦးေသဆုံးၿပီး အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီး ၂ ဦးႏွင့္ က်န္ ၁ ဦးမွာ ခြဲျခား၍ မရေသးေၾကာင္း၊ ထို႔ျပင္ ကားေပၚ၌ လိုက္ပါလာသည့္ ျမန္မာအလုပ္သမား အမ်ိဳးသား ၃ ဦးႏွင့္ အမ်ိဳးသမီး ၃ ဦးမွာလည္း ဒဏ္ရာ ရရွိကာ ၃ ဦးကို ဝမ္းႏြိဳင္းေဆး႐ုံ၊ က်န္ ၃ ဦးကို ဘန႔္ပအင္းေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါ ကားသည္ ဘန္ေကာက္ၿမိဳ႕သို႔ ဦးတည္ သြားေနျခင္းျဖစ္ၿပီး ကားေပၚ၌ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာ အလုပ္သမား ၉ ဦး လိုက္ပါလာခဲ့ေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားသည္ ျမန္မာ အလုပ္သမားမ်ားျဖစ္ၿပီး ကားသမားသည္ ေသဆုံးသူမ်ားထဲတြင္ ပါဝင္ႏိုင္ေၾကာင္း၊ ေသဆုံးသူမ်ားသည္ မည္သူမည္ဝါျဖစ္သည္ကို ဆက္လက္စုံစမ္း လ်က္ရွိၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းကာ မည္သည့္ ႏိုင္ငံသားျဖစ္သည္ကို အတည္ျပဳရမည္ဟု ထိုင္းရဲတပ္ဖြဲ႕က ေျပာဆိုထားသည္ကို ထိုင္းသတင္းဌာနမ်ားက ေဖာ္ျပခ်က္ထားသည္။
ေမလအတြင္း ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္မႈေၾကာင့္ ျမန္မာအလုပ္သမား ၃၇၀ ခန႔္ ဖမ္းဆီးခံရၿပီး ကားတိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသူ ၃ ဦး ရွိေၾကာင္း သိရသည္။