News

မြို့သူမြို့သားတွေတောင် မျက်ရည်ဝေခဲ့ရတဲ့ ဈာပနတစ်ခုပေါ့..

မုံရွာမြို့တွင် ဓားပြအဖွဲ့သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေး ပြည်သူအများအပြားလိုက်ပါပို့ဆောင်

ချင်းတွင်းမောင်/People’s Spring

မုံရွာမြို့တွင် လက်နက်ကိုင်လူတစ်စု၏ ဓားပြတိုက်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည် ထန်းတောကျွန်းဆွယ်ရပ်မှ အသက်(၂၅)နှစ်အရွယ်

မအေးငြိမ်းသူနှင့် ၎င်း၏သန္ဓေသားအရွယ် သားယောင်္ကျားလေး အလောင်းအား ယနေ့(သြဂုတ် ၁၂ ရက်) ညနေပိုင်းက အဆိုပါမြို့မသုဿန်သို့ ပို့ဆောင်ခဲ့သည်။

အဆိုပါနာရေးအား မုံရွာမြို့ရှိ ပြည်သူလူထုအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သြဂုတ် ၁၀ရက် ညနေ၃နာရီခန့်က လူတစ်စုက ဓားပြတိုက်ဝင်ရောက်ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင်

အမျိုးသမီးကို သတ်ကာ ဖုန်းနှင့်ဆိုင်ကယ် ဓားပြတိုက်ခဲ့သည့် တော်လှန်ရေးအယောင်ပြ Monywa Force အဖွဲ့မှ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ GUARDIAN FORCEတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ဒလန်ရှင်းလင်းရေးဟု အမည်တပ်၍ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် အပြစ်မဲ့ပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိခဲ့ကြောင်း၊ တော်လှန်ရေး နာမည်ဖျက်ရန်အတွက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း မုံရွာ(ပလဖ)အဖွဲ့တာဝန်ရှိသူက ပြောကြားထားသည်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)