News

အတက်ကြမ်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ပြန်ကျလာ၊ မြန်မာ့ရွှေဈေးလည်း ပြန်အေး

အစ္စရေးနဲ့ ဟားမတ်စ် တိုက်ပွဲတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အဝယ်သွက်ခဲ့တဲ့ ရွှေဟာ

ဒီနေ့မှာတော့ အမြတ်ယူ ပြန်ရောင်းထုတ်သူတွေ များလာတဲ့အတွက် ဈေးပြန်ကျသွားပါတယ်

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ၃ % အထိ ခုန်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မှာ ငွေဖော်လိုသူတွေ အရောင်းများလာလို့ ဈေးပြန်ကျသွားပေမဲ့ ဒေါ်လာ ၁၉၀၀ ဈေးတန်းအပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၁၉၁၃.၆၀ ဒေါ်လာခန့် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့် ဈေးနှုန်းကလည်း ၁၉၂၆.၈၀ ဒေါ်လာမှာ ရှိနေပါတယ်။ ဈေးနှစ်မျိုးစလုံးက ဝ.၈ – ဝ.၉ % စီအသီးသီး ပြန်ကျသွားပါတယ်။

ရွှေဈေးဟာ သောကြာနေ့ ဈေးပိတ်ခါနီးတုန်းက တရကြမ်း ခုန်တက်သွားတာကြောင့် အခု တနင်္လာနေ့ ဈေးပြန်ဖွင့်ချိန်မှာ နောက်ပြန်ဆုတ်တာမျိုးသာ ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး ဒီနေ့ ပြန်အကျမှာ သောကြာ၊ စနေနေ့တွေတုန်းက အတက်ပြခဲ့တဲ့ မြန်မာပြည်တွင်းက အခေါက်ရွှေဈေးကလည်း ဒီနေ့မှာ ဈေးပြန်အေးလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်တွေက တစ်ကျပ်သားကို ကျပ် ၃၄၇၀,၀၀၀ နဲ့ ၃၄၈၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့တဲ့ ၁၆ ပဲရည် အကယ်ဒမီမီးလင်းရွှေဈေးဟာ ဒီနေ့မှာ ကျပ် ၃၄၄၀,၀၀၀ ဝန်းကျင်ကို ပြန်ကျသွားပါတယ်။