ပြီးခဲ့တဲ့ သောကြာနေ့ ဈေးပိတ်ချိန်က ကမ္ဘာ့ရွှေဈေးနှုန်းဟာ စံချိန်တင် မြင့်တက်လာပြီး အမေရိကန်ဗဟိုဘဏ် ငွေကြေးမူဝါဒ ရွှေ့ကွက်နဲ့အတူ
ရွှေဈေး အမြင့်ပိုင်းမှာ ရှိနေမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိလာပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဒီအပတ်မှာ ၃ % မြင့်တက်ပြီးတော့ တစ်အောင်စကို ၂၀၇၂ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
အရောင်းအဝယ်ကာလအတွင်း တစ်အောင်စကို ၂၀၇၅ ဒေါ်လာကျော်အထိ ရောက်ရှိခဲ့တာကြောင့် ၂၀၂၀ က ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးစံချိန်ဈေး ၂၀၇၂ ဒေါ်လာထက် ကျော်လွန် မြင့်တက်ခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ် အကြီးအကဲက အတိုးနှုန်း တရားလွန် လျှော့ချတာနဲ့ အလွန်အမင်း မြှင့်တင်တာဆိုတဲ့ အစွန်းနှစ်ဖက်ကို မျှခြေ ပြန်ချနိုင်တော့မယ်လို့ မကြာသေးခင်က ပြောဆိုခဲ့ပေမဲ့ အတိုးနှုန်း လျှော့ချဖို့ကိုတော့ လောလောဆယ် မစဉ်းစားသေးဘူးလို့ ပြောဆိုခဲ့ပါတယ်
ဘာပဲဖြစ်ဖြစ် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို အနှေးနဲ့ အမြန် လျှော့ချမယ်လို့ ခန့်မှန်းရတဲ့အတွက် ဈေးကွက်မှာ ရွှေဝယ်ယူမှု များနေပြီး ဗဟိုဘဏ်အကြီးအကဲ ဘာပြောမလဲဆိုတာကပဲ စောင့်ကြည့်နေကြတယ် လို့ သိရပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး တဟုန်ထိုး မြင့်လာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ၃၆ သိန်းခွဲ ပတ်လည်မှာ အတက်အကျ လှုပ်ရှားနေရာက မနေ့က (ဒီဇင်ဘာ ၂ ရက်) စနေနေ့မှာ ကျပ် ၃၇ သိန်းအထက် မြင့်တက်လာပါတယ်။
၁၆ ပဲရည် အကယ်ဒမီ မီးလင်းရွှေဈေးဟာ ဈေးကွက်အဖွင့်မှာတည်းက တစ်ကျပ်သားကို ကျပ် ၃၇၀၀,၀၀၀ အထက်နဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကျပ် ၃၇၄၀,၀၀၀ အထိ မြင့်လာပေမဲ့ ဈေးပိတ်ချိန်မှာတော့ ၃၆၉၀,၀၀၀ ဝန်းကျင်ကို ပြန်ကျသွားတယ်လို့ သိရပါတယ်။ စာရေးသူ –ငွေကြယ် (သတင်းကို ပြန်ကူး ဖော်ပြခွင့် မပြုပါ၊ Share နိုင်ပါသည်)