ဒီအပတ်အတွင်း ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်တက်နေပေမဲ့ ဈေးကွက်ထဲမှာတော့
အရောင်းအဝယ် မရှိသလောက်ပဲ လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေး တက်လို့သာ လိုက်တက်တာ ဖြစ်ပြီး အရောင်းအဝယ်က အတော်လေး ပါးတယ်လို့ YGEA ရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က
ယနေ့ခေတ်သတင်းမှာ ပြောဆိုထားတာ တွေ့ရပါတယ်
မနေ့က ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံး ဖြစ်တဲ့ တစ်အောင်စကို ၂၁၄၆ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ၃၇ သိန်းကျော်အထိ တက်သွားပါတယ်။
ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၂၀၄၀ ဝန်းကျင်ထိ ပြန်ကျသွားတာကြောင့် ပြည်တွင်းရွှေဈေးကလည်း ကျပ် ၃၆ သိန်းခွဲ ပတ်လည်ကို ပြန်လည် ကျဆင်းသွားပါတယ်။
ကမ္ဘာ့ရွှေဈေး စံချိန်တင်အမြင့်ပိုင်းကို ရောက်လာတဲ့အတွက် YGEA ကနေ နေ့စဉ် ထုတ်ပြန်နေကျ ဈေးကွက်ဈေးနှုန်းကလည်း မနေ့က တစ်ကျပ်သားကို ကျပ် ၃၂ သိန်း ၈ သောင်းကျော်အထိ ရှိလာခဲ့ပါတယ်။