News

AD လိုင်စင်ရဘဏ်တွေ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ဖို့ …..

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် Online Trading မှာ ရောင်းဝယ်ကြရာမှာ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း

လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုတယ်လို့ ဗဟိုဘဏ်က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

AD လိုင်စင်ရဘဏ်တွေ Online Trading မှာ အရောင်းအဝယ် လုပ်ကြတဲ့အခါ ငွေလဲနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လို၊ ရောင်းလိုသူက တင်ပြလာတဲ့ ငွေလဲနှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ကြေညာချက်ဟာ ပို့ကုန်ရငွေ ၁၀၀ % ကို အပြင်ပေါက်ဈေးနဲ့ ရောင်းခွင့် ပြုတာမျိုး မဟုတ်ဘဲ ၅၀/၅၀ ကိုပဲ ဖြေလျှော့ပေးတာ ဖြစ်ပြီး

အရင်က ၅၀ % ကို Online Trading နဲ့ ရောင်းခွင့်ပေးထားရာကနေ အခု အပြင်ပေါက်ဈေးနဲ့ ရောင်းခွင့်ပြုတာ ဖြစ်တယ်လို့ ပို့ကုန်သမားတွေက ပြောပါတယ်။

ပြီးတော့ ဗဟိုဘဏ် ကြေညာချက်မှာ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပလွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းရမယ်လို့ ဆိုထားပါတယ်

ဒီကြေညာချက်ဟာ ဒေါ်လာဈေးနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ပို့ကုန်သမားတွေကတော့ အရင်ကထက် ပို့ကုန်တွေ ပိုမို တင်ပို့နိုင်မှာ ဖြစ်ပြီး ပိုအဆင်ပြေလာမှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒါပေမဲ့ သွင်းကုန်သမားတွေကတော့ ဒီကြေညာချက်ဟာ အဆင်မပြေဘဲ ဒေါ်လာဈေးတွေ တက်လာရင် တဖက်က ကုန်ပစ္စည်းတွေ ပြန်တင်သွင်းရာမှာ ပြည်တွင်းက ဈေးတွေ တက်လာနိုင်တယ်လို့ သွင်းကုန်သမားတစ်ဦးက ပြောဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာအပြီး ဒီနေ့ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃၄၆၀ – ၃၆၃၀ ဝန်းကျင်ဈေး ရှိနေတယ်လို့ သိရပြီး ဈေးကွက်မှာ ဒေါ်လာကို ဝယ်လိုအား များနေတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေဈေးကွက်အတွင်း ဘဏ်နဲ့ ဖောက်သည်တွေအကြား ဒါမှမဟုတ် ဖောက်သည်အချင်းချင်း အရောင်းအဝယ် လုပ်တဲ့ Online Trading အစီအစဉ်ကို ဗဟိုဘဏ်က ဦးဆောင်ပြီး ဒီနှစ် ဇွန် ၂၂ ရက်က စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။