News

ရွှေအသင်း YGEA ရဲ့ရွှေဈေး ကျပ် (၃၇) သိန်းအထိ မြင့်လာပြီး ပြင်ပရွှေဈေး…

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတ်မှတ်တဲ့ ဒီနေ့ နေ့လယ်ပိုင်း ရွှေဈေးနှုန်းဟာ ကျပ် ၃၇ သိန်းဝန်းကျင်ထိ စံချိန်တင် မြင့်တက်လာတဲ့အတွက် ပြင်ပရွှေဈေးနဲ့ နီးစပ်လာပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ YGEA ရဲ့ နေ့လယ်ပိုင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းဟာ ကျပ် ၃၇၀၀,၉၀၀ ရှိနေတာကြောင့် ဒီနေ့ ပြင်ပရွှေဈေး ကျပ် ၃၇၁၀,၀၀၀ ကျော်နဲ့ ယှဉ်ရင် ကျပ် ၁၀၀၀၀ – ၂၀၀၀၀ ခန့်သာ ကွာဟတော့တာ တွေ့ရပါတယ်

ရန်ကုန်ရွှေအသင်း YGEA ဟာ သူ့ရဲ့ရွှေဈေးနှုန်းကို အရင်က ဗဟိုဘဏ် သတ်မှတ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ် နဲ့ တွက်ချက်ခဲ့ပေမဲ့ အခုတော့ နိုင်ငံခြားငွေရောင်းဝယ်ခွင့် AD လိုင်စင်ရဘဏ်တွေကြား ရောင်းဝယ်တဲ့ ငွေလဲနှုန်းနဲ့ ပြောင်းလဲတွက်ချက် ဖော်ပြလာတာ ဖြစ်ပါတယ်။

မနေ့က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၈၀ ဒေါ်လာခန့်ကနေ ၂၀၃၀ ဒေါ်လာကျော်အထိ တဟုန်ထိုး မြင့်တက်ခဲ့တဲ့အတွက် YGEA က သတ်မှတ်တဲ့ရွှေဈေးကလည်း တစ်ရက်အတွင်း ရွှေ တစ်ကျပ်သားကို ကျပ် ၁၆၀၀၀၀ ကျော် ခုန်တက်ခဲ့တာပါ။

YGEA သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ ရွှေဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နိုဝင်ဘာ ၁၄ ရက်က ရွှေဈေး ကျပ် သိန်း ၃၀ ကျော်သာ ရှိခဲ့တာကြောင့် ဒီနေ့ ရွှေဈေးနဲ့ ယှဉ်ရင် တစ်လအတွင်း ရွှေတစ်ကျပ်သားကို ကျပ် ၇ သိန်း ခန့် မြင့်မားလာတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒေါ်လာလဲနှုန်း သတ်မှတ်ချက်ကို ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲခွင့်ပြုခဲ့ပြီးနောက် ရွှေဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာပြီး လက်ရှိ ဒေါ်လာဈေးကလည်း အမေရိကန်တစ်ဒေါ်လာကို ၃၅၅၀ ကျပ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ စာရေးသူ- ငွေကြယ် (သတင်းကို ပြန်ကူး ဖော်ပြခွင့် မပြုပါ)