News

အနိမ့်ဆုံး ကျနေတဲ့ ကမ္ဘာ့ရွှေဈေး သိသာစွာ ပြန်ခုန်တက်လာ

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှာ အတိုးနှုန်းမြှင့်တင်တာတွေကို ရပ်တန့်တော့မယ့်အကြောင်း အရိပ်အမြွက် ပြောဆိုလာတဲ့အတွက် ဒီမနက်မှာ ဒေါ်လာဈေး ကျပြီး ကမ္ဘာ့ရွှေဈေး ခုန်တက်လာပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက် ကျပြီး သုံးပတ်အတွင်း အနိမ့်ဆုံးထိ ရောက်နေရာက ဒီနေ့မှာ ဒေါ်လာ ၂၀၀၀ အပေါ်ကို ပြန်ခုန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၃၅ ဒေါ်လာဝန်းကျင်မှာ ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ကလည်း တစ်အောင်စကို ၂၀၄၆ ဒေါ်လာကျော်ကို ပြန်တက်လာနိုင်ခဲ့ပါတယ်။

(Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)

အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒကို ဖြေလျှော့မယ့်အလားအလာ ရှိနေတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ ၁၉၈၀ ဒေါ်လာ အခံဈေးတန်းကို ထိန်းထားရာက ဒေါ်လာ ၂၀၀၀ အထက် ပြန်ကန်တက်ဖို့ အရှိန်အဟုန်တွေ ရသွားခဲ့တယ်လို့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေး ပြန်ခုန်တက်လာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၇ သိန်းအပေါ် ပြန် ရောက်လာပြီး အရင်ရက်တွေက ကျပ် ၃၇ သိန်းအထက်အောက်မှာ လှုပ်ရှားနေရာကနေ ၃၇ သိန်းအပေါ်ကို အခိုင်အမာ ရပ်တည်လာနိုင်ခဲ့ပါတယ်။ စာရေးသူ- ငွေကြယ်