ဒီနှစ် ကမ္ဘာ့ရွှေဈေးကွက် လှုပ်ခတ်မှု များခဲ့ပေမဲ့ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်အောင်လို့ တာဝန်ရှိသူတွေက ဆောင်ရွက်နိုင်ခဲ့တာကြောင့်
ရွှေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တာနဲ့ ဈေးကစားတာတွေ လုံးဝ မရှိသလောက် ပပျောက်သွားပြီလို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ကော်မတီတွေနဲ့ YGEA အသင်းတို့ ပူးပေါင်းဆောင်ရွက်မှု၊ ရွှေသင်တန်း ဖွင့်လှစ်ပေးမှုတွေကြောင့်လည်း အကျိုးအမြတ်တွေ အများကြီး ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“ရွှေပညာဒါနနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သင်တန်းတွေကို တောက်လျှောက်လစဉ် ဖွင့်လာတဲ့အတွက် အခုဆိုရင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တာ လုံးဝပျောက်သွားပါပြီ။ အဲ့ဒီလိုပဲ ဈေးကွက်မှာ ရွှေဈေးကစားတာလည်း အားလုံး ပျောက်ဆုံးသွားပါပြီ”လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က သတင်းတွေမှာ ပြောဆိုထားပါတယ်
လက်ရှိ ရွှေဈေးနှုန်း တည်ငြိမ်စေဖို့ လိုအပ်တဲ့ ရွှေကုန်ကြမ်းတွေကို တိုင်းနဲ့ပြည်နယ် အသင်းတွေနဲ့ ချိတ်ဆက် ဝယ်ယူနေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ရွှေကုန်ကြမ်းတွေ သယ်ဆောင်ရာမှာလည်း အဆင်ပြေစေဖို့ ရွှေသယ်ယူခွင့်လိုင်စင် ထုတ်ပေးခြင်း၊ ဈေးကစားသူတွေ ပပျောက်စေဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တာ တားဆီးနိုင်ဖို့ ရွှေအတုံးအခဲလိုင်စင် လျှောက်ထားခြင်းကို ရောင်းချခွင့်လိုင်စင်အဖြစ် ထုတ်ပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။