News

ရွှေဈေး အကျဘက်ကို ဦးတည်လိမ့်မယ်လို့ ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ပြော

ပြည်တွင်းရွှေဈေး တော်တော်နဲ့ ပြန်မကျနိုင်ဘူးလို့ ဈေးကွက်လေ့လာသူတွေက ခန့်မှန်းထားပေမဲ့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း

YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ ရွှေဈေးက အကျဘက် ဦးတည်သွားလိမ့်မယ် လို့ ပြောပါတယ်။

“ရွှေက ဈေးနှုန်း တည်ငြိမ်စွာနဲ့ ကျဆင်းသွားမှာပါ။ လာမယ့်ဇန်နဝါရီလမှာ ရွှေတွင်းတွေကနေ ပြန်လည် တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်က ရွှေတွေကလည်း ရန်ကုန်ကို တောက်လျှောက် ဝင်လာပြီး ငွေဖော်မှာဖြစ်တဲ့အတွက် ရွှေဈေးနှုန်းက ဆက်လက်ကျနိုင်မှာ ဖြစ်ပါတယ်”လို့ ဦးမျိုးမြင့်က ပြောဆိုပါတယ်

ကမ္ဘာ့ရွှေဈေး မြင့်တက်တာနဲ့ ပြည်တွင်းဒေါ်လာဈေး မြင့်တက်နေတာကြောင့်သာ ရွှေဈေး ခေတ္တ မြင့်နေတာ ဖြစ်ကြောင်း၊ အခု ရွှေဈေး ပြန်ကျလာနေပြီး ဈေးကွက်ထဲမှာလည်း ဝယ်လိုအား မရှိဘဲ အရောင်းအဝယ် အေးနေကြောင်း သူက ဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှာ နယ်ကဝင်ရောက်လာတဲ့ ရွှေထည်ပျက်တွေကို ပြန်လည် သန့်စင်ပြီး တစ်နေ့ကို ပိဿာချိန် ၅၀ ခန့်ရောင်းချနေရတယ်လို့ သိရပါတယ်။

YGEA ထုတ်ပြန်တဲ့ရွှေဈေးအရ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၇ သိန်းကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ရွှေတစ်ကျပ်သား ၃၆၆၈၄၀၀ ကျပ် ရှိနေပါတယ်။

ပြင်ပရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၃၇ သိန်းပတ်လည်မှာ ရှိနေရာက ဒီနေ့မှာ ၃၇ သိန်းကျပ်အောက် စဆင်းလာပါတယ်။ ဒါပေမဲ့ ဈေးကွက်ကျွမ်းကျင်သူတွေက ရွှေဈေး အကျဘက်ကို မသွားနိုင်ဘဲ လက်ရှိအမြင့်တန်းမှာပဲ ဆက်ငြိမ်နိုင်တယ်လို့ ဆိုပါတယ်။ Source-YGEA, Local News