News

ဗဟိုဘဏ်ကဒေါ်လာ ၁၆ သန်း ထပ်ရောင်း၊ ပြင်ပဒေါ်လာဈေး အကျမှာ ငြိမ်နေ

ဇန်နဝါရီ ၅ ရက်နေ့မှာ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အမေရိကန် ဒေါ်လာ ၁၆ သန်း ရောင်းချပေးမယ်လို့ အသိပေး ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက်နေ့ကလည်း ဗဟိုဘဏ်က ဒေါ်လာ ၁၂.၉၃ သန်းကို ရောင်းချပေးခဲ့တဲ့အတွက် တစ်ပတ်အတွင်းမှာ စုစုပေါင်း ဒေါ်လာ ၂၉ သန်းနီးပါး ရောင်းချပေးတာ ဖြစ်ပါတယ်

ဒါ့အပြင် ဇန်နဝါရီ ၁ ရက်နေ့ ကြေညာချက်ထဲမှာ ဒေါ်လာ ၄ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေတွေကို SWAP Facility အဖြစ် ပံ့ပိုးပေးမယ်လို့ ဖော်ပြထားပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ သန်းနဲ့ချီပြီး ရောင်းချပေးချိန်မှာ ပြင်ပဒေါ်လာဈေးက ၃၄၅၀ ကျပ်ဝန်းကျင်မှာ ငြိမ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ တစ်ဒေါ်လာကို ၃၅၀၀ ကျပ် ရှိခဲ့ရာကနေ တဖြည်းဖြည်း ပြန်ကျလာတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာတွေ ရောင်းချပေးလာတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေ ဒေါ်လာ လိုက်ရှာ ဝယ်ရတဲ့ အခက်အခဲကို ထိုက်သင့်သလောက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလတုန်းကလည်း ဗဟိုဘဏ်ဟာ စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ဒေါ်လာ ၂၂ သန်း ကျော် ရောင်းပေးခဲ့ပြီး AD လိုင်စင်ရဘဏ်တွေချင်း အရောင်းအဝယ်လုပ်တဲ့ ဒေါ်လာဈေးကိုလည်း ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ Ref: CBM စာရေးသူ- ငွေကြယ်