News

The world gold price fell to the lowest level in more than a month. Burmese gold prices remain high

အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေက အတိုးနှုန်း လျှော့ချမယ့်အလားအလာ မရှိတဲ့ မှတ်ချက်တွေ ပြောလာတဲ့နောက် ဒီနှစ်အစောပိုင်းမှာ အတိုးနှုန်း လျှော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားပြီး ကမ္ဘာ့ရွှေဈေးကလည်း သီတင်းပတ် ၅ ပတ်နီးပါးအတွင်း အနိမ့်ဆုံး ကျလာပါတယ်။

မနေ့က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၀၀၁ ဒေါ်လာဝန်းကျင်အထိ တရကြမ်း ကျဆင်းသွားခဲ့ပြီး ဒီညနေမှာတော့ ၂၀၁၆ ဒေါ်လာကို ပြန်တက်လာပါတယ်။ ဒါပေမဲ့ မနက်ပိုင်းက ပေါက်ဈေးဟာ ဒီဇင်ဘာ ၁၃ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အမေရိကန်ပြည်ထောင်စုရဲ့ ဒီဇင်ဘာလ လက်လီရောင်းအားအခြေအနေဟာ မျှော်လင့်ထားတာထက် ပိုမို ကောင်းမွန်လာတယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက် ဒီနှစ်မှာလည်း အမေရိကန်စီးပွားရေး ဆက်လက် အားကောင်းနေမယ်ဆိုတာကို ပြဆိုနေပါတယ်။

ဒီအချက်ကြောင့် အမေရိကန်ဒေါ်လာဟာ တခြားထိပ်တန်းငွေကြေးတွေနဲ့ ယှဉ်ရင် တန်ဖိုး မြင့်လာပြီး တချိန်တည်းမှာ အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတဦးက ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျှော့ဖို့ကို အလောသုံးဆယ် လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။

ဒါကြောင့် ကမ္ဘာ့ရွှေဈေးဟာ ဒီဇင်ဘာ ၄ ရက်နောက်ပိုင်း တစ်ရက်တာအများဆုံး ထိုးကျမှု ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ နောက်ပိုင်း အနိမ့်ဆုံးကိုလည်း ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အခံဈေးတန်း ဒေါ်လာ ၂၀၀၀ နားအထိ ကျလာပေမဲ့ အရင်တည်းက ခပ်မာမာ ရှိနေခဲ့တဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ သိသိသာသာ လိုက်မကျဘဲ အမြင့်တန်းမှာပဲ ဆက်ရှိနေပါတယ်။

အရင်နေ့က ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ၃၇ သိန်း ၈ သောင်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဒီနေ့မှာလည်း ၃၇ သိန်း ၇ သောင်းနားမှာ ဆက်ရှိနေတဲ့အတွက် ကမ္ဘာ့ရွှေဈေး ကျသလို လိုက်မကျဘဲ တင်းခံထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ Ref: Nasdaq စာရေးသူ – ငွေကြယ်