နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းအလားအလာနဲ့ ပတ်သက်လို့ တာဝန်ရှိသူ အကြီးအကဲတွေ ဘယ်လို အရိပ်အမြွက် ပြောလာမလဲဆိုတာ စိတ်ဝင်တစား စောင့်ဆိုင်းနေကြတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက အတက်အကျ မလှုပ်ဘဲ ငြိမ်နေပါတယ်။
ဒီမနက် ဈေးအဖွင့်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၂၀၃၅ ဒေါ်လာခန့် ရှိနေပြီး မနေ့ကနဲ့စာရင်တော့ ဝ.၅ % ခန့် မြင့်လာပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကတော့ ၂၀၅၁ ဒေါ်လာမှာ တည်ငြိမ်နေပါတယ်။
အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေက နိုင်ငံရဲ့စီးပွားရေးဟာ တွက်ဆထားတဲ့အတိုင်း ကောင်းမွန်နေတယ် ဆိုပေမဲ့ အတိုးနှုန်းတွေ ပြန်လျှော့ရလောက်တဲ့အထိ ငွေဖောင်းပွမှု မလျော့သေးဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ နည်းပြီး ငြိမ်နေချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကတော့ အကျ များခဲ့ရာကနေ အခု ဈေးပြန်ဦးမော့လာတာ တွေ့ရပါတယ်။
အရင်အပတ်က တစ်ကျပ်သားကို အမြင့်ဆုံး ၃၉ သိန်းနီးပါးကနေ ၃၈ သိန်းဝန်းကျင်အထိ ပြုတ်ကျခဲ့တာမျိုး ဖြစ်ခဲ့ပြီး ဒီအပတ်မှာတော့ ကျပ် ၃၈ သိန်းကျော်ကနေ ၃၈ သိန်းခွဲကျော်အထိ ပြန်တက်လာနေပါတယ်။
ပြည်တွင်းရွှေဈေးဟာ အရင်အပတ်က အတက်အကျ မြန်ဆန်ခဲ့ပြီး အကျ ကြမ်းခဲ့ပေမဲ့ အခံဈေးတန်းက ကျပ် ၃၈ သိန်းအဖြစ် သတ်မှတ်လာတာကြောင့် ၃၈ သိန်းအောက်ကို အကျ မခံဘဲ ပြန်တက်လာတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီနေ့ (ဖေဖော်ဝါရီ ၇) အတွက် ရွှေဈေး၊ ဒေါ်လာဈေးတွေကိုတော့ ကျွန်တော်တို့ Current Content Page ရဲ့ သီးခြားသတင်းမှာ ဖော်ပြထားပြီး အဲဒီသတင်းမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်