News

After Thingyan, the local gold market is returning to around 48,000 kyats

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ အရှိန် ကြီးထွားလာနေတာကြောင့် ကမ္ဘာ့ရွှေဈေး မြင့်မားနေချိန်မှာ သင်္ကြန် အပြီး ပြည်တွင်းရွှေဈေးကလည်း ကျပ် ၄၈ သိန်းဝန်းကျင်အထိ ရောက်နေတယ်လို့ သိရပါတယ်။

မနေ့က ကမ္ဘာ့ရွှေ အပိတ်ဈေးဟာ တစ်အောင်စကို ၂၃၉၀ ဒေါ်လာမှာ ရှိနေပြီး ဒီလဆန်းပိုင်းက ရောက်ခဲ့တဲ့ အမြင့်ဆုံးစံချိန် ၂၄၃၀ ဒေါ်လာနဲ့ သိပ်မကွာဘဲ အမြင့်တန်းမှာ တည်ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေး အမြင့်မှာ ဆက်ရှိနေသလို မြန်မာပြည်တွင်း ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၄၈ သိန်း ၂ သောင်းကျော်အထိ ရောက်ရှိခဲ့တဲ့အတွက် ရွှေဈေး အမြင့်မှာ ဆက်ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်

ရွှေဈေး မြင့်မားနေတာနဲ့ ပတ်သက်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ကမ္ဘာ့ရွှေဈေး တက်လို့သာ ပြည်တွင်းရွှေဈေး လိုက်တက်နေတာ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ပြန်ကျရင် ပြန်ကျလိမ့်မယ်လို့ ပြောပါတယ်။

“လောလောဆယ် ကမ္ဘာ့‌ရွှေဈေးကလည်း အီရန်နဲ့အစ္စရေး ပြဿနာကို အခြေခံပြီးတော့တက်သွားတာ။ ရုရှားနဲ့ ယူကရိန်း ဖြစ်တုန်းကလိုပေါ့။ ရွှေဈေးက ပြည်တွင်းမှာပဲ မဟုတ်ဘူး။ ပြည်ပမှာလည်း တက်နေတာ” လို့ ရန်ကုန်တိုင်း‌ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ယနေ့ခေတ်သတင်းကို ပြောထားပါတယ်။

ပြည်တွင်းရွှေဈေးဟာ သင်္ကြန် မကျခင်က ကျပ် ၄၇ သိန်းဝန်းကျင်အထိ ပြန်ကျခဲ့ပေမဲ့ အခု သင်္ကြန်နောက်ပိုင်း ဈေးကွက်တချို့ ပြန်ဖွင့်လာချိန်မှာ ဈေးအမြင့်ကို ပြန်ရောက်လာတ ဖြစ်ပါတယ်။

လက်ရှိ ရွှေဈေးအခြေအနေ သုံးသပ်ချက်တွေအရ နောက်ထပ် ဈေးအမြင့်တန်းတွေကို ဆက်တက်လာဖွယ်ရှိပြီး ရောင်းမယ်ဆို မဖြစ်မနေ ငွေလိုသလောက်သာ ခွဲရောင်းကြဖို့နဲ့ ရွှေ ဝယ်မယ်ဆိုရင်လည်း မမှားနိုင်တဲ့ဈေးတန်း ဖြစ်ကြောင်း အကြံပြုထားကြပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်