News

ပြင်ပရွှေစျေး တဟုန်ထိုး တက်လာသည့်နောက် ရွှေအသင်းဘက်က လှုပ်ရှားပါတော့မယ်

ပြင်ပစျေးကွက်မှာ ရွှေစျေးတွေမြင့်တက်လာခြင်းဟာ စျေးကစားသူတွေရဲ့ လုပ်ဆောင်မှုဖြစ်ပြီး အဆိုပါစျေးနှုန်းဖြင့် မည်သူမှအရောင်းအဝယ် မပြုလုပ်ကြောင်း

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးလာသည်။

ယနေ့ ဇူလိုင် ၃၁ ရက် ပြင်ပ ရွှေဈေးကွက်သည် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သား ကျပ် ၆၈ သိန်းကျော် ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းသည်လည်း တစ်ဒေါ်လာ ၅၃၀၀ ကျပ် အထက်မှာ ရှိနေသည်

ဈေးကစားတဲ့သူတွေကြောင့် ရွှေဈေးကမြင့်နေတာ။ အခုသက်ဆိုင်တဲ့အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးပြီး အရေးယူဖို့လုပ်နေတယ်။ ရွှေကအရောင်းအဝယ် အေးပါတယ်။ သတ်မှတ်ဈေးနဲ့ ရောင်းချပေးဖို့ကိုလည်း ပြောထားပြီးသား” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထွက်ပေါ်နေသည့် ပြင်ပရွှေစျေးများသည် တရားဝင်ပေါက်ဈေး မဟုတ်ဘဲ ကြိုက်ရောင်း ကြိုက်ဝယ် မှောင်ခိုဈေးဖြစ်ကာ ရန်ကုန်ရှိ ရွှေဆိုင်အများစုသည် အခေါက်ရွှေအတုံးအခဲ အရောင်းအဝယ်ကို ပိတ်ထားကြကြောင်း အဆိုပါ တာဝန်ရှိသူထံက သိရသည်။

ကျပ်ငွေတန်းဖိုး ကျဆင်းခြင်းနှင့်အတူ ဒေါ်လာကဲ့သို့ နိုင်ငံခြားငွေ ဝယ်ယူမှု များပြားလာခြင်းကြောင့် ကမ္ဘာ့ရွှေနဲ့ ဒေါ်လာစျေးအပေါ် မူတည်

တွက်ချက်သည့် ပြည်တွင်းရွှေစျေး လိုက်တက်လာခြင်းဖြစ်သည်။

မြန်မာရွှေသမိုင်းမှာ အမြင့်ဆုံး စျေးတန်းတစ်ခုကို ရောက်ရှိလာပေမယ့် ပွင့်လင်းသည့် စျေးကွက်မရှိသလို လွတ်လပ်စွာ ဝယ်ယူလို့မရခြင်းကြောင့် ရွှေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု နည်းပါးသွားသည်။

ယခင်နှစ် ဒီလိုအချိန်တွေနဲ့ နှိုင်းယှဉ်မရအောင် အရောင်းအဝယ် အေးနေကြောင်း စျေးကွက်တွင်းက စုံစမ်းသိရှိရသည်။