News

ရွှေဆိုင်အချို့ဟာ ပြင်ပပေါက်စျေးကို ၈ သောင်းခွာပြီး ရွှေပြန်ဝယ်ယူပေးတယ်လို့ သိရ

အရင်အပတ်က တစ်အောင်စကို ဒေါ်လာ ၂၄၀၀ ဈေးတန်းအောက်အထိ ပြုတ်ကျခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု ဒီအပတ်ထဲမှာ တရိပ်ရိပ် ပြန်တက်လာပြီး ဒီနေ့မှာတော့ နှစ်ပတ်တာ အမြင့်ဆုံးကို ရောက်လာတာပါ

ကမ္ဘာ့ရွှေဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစျေးတန်းဖြစ်ခဲ့တဲ့ ၂၄၈၃ နား ပြန်ကပ်လာနေပါတယ်။

ဒီကနေ့မှာ ရွှေအသင်းစျေးကလည်း ၄၇ သိန်းနား ပြန်ရောက်လာကာ ပြင်ပပေါက်စျေး ၆၈ သိန်းအထက်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ရန်ကုန် ရွှေဆိုင်အချို့ဟာ ပြင်ပပေါက်စျေးကို ၈ သောင်းခွာပြီး ရွှေပြန်ဝယ်ယူပေးကြောင်း အသံထွက်လာပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၄၄၅ ဒေါ်လာဝန်းကျင် ဖြစ်နေပြီး ဒီဈေးဟာ ဇူလိုင် ၁၈ နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့တဲ့ ၂၄၈၃ ဒေါ်လာနဲ့လည်း သိပ်မကွာဘဲ နီးကပ်လာပါတယ်။

တကယ်လို့သာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း လျှော့ပြီဟေ့ဆိုရင် ရွှေဈေးက ဒီနှစ်မကုန်ခင် ဒေါ်လာ ၂၅၀၀ ဈေးတန်းကို ဆက်တက်သွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးဟာ မျှော်မှန်းထားတဲ့လမ်းကြောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် လာမယ့် စက်တင်ဘာလမှာ အတိုးနှုန်း စလျှော့ဖို့ ဖြစ်နိုင်တယ်လို့ အမေရိကန်ဗဟိုဘဏ် အကြီးအကဲ ဖြစ်သူ Jerome Powell က မနေ့က ပြောကြားခဲ့ပါတယ်

ခုလို ကမ္ဘာ့ရွှေဈေး အကျကနေ အတက်ကို ပြန်လှည့်လာချိန်မှာ နဂိုတည်းက ဘယ်အကြာင်းပြပြီး တက်ရမလဲ စောင့်နေတဲ့ မြန်မာပြည်တွင်းရွှေဈေးကလည်း ဆက်တက်ဖို့ ပြင်နေပါတယ်။