News

ပြင်ပဒေါ်လာ တရှိန်ထိုး ကျနေချိန် ဗဟိုဘဏ်ဒေါ်လာတွေ ထုတ်ရောင်း…

ဩဂုတ်လအတွင်း စံချိန်တင်စျေးတန်းအဖြစ် ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ထိ တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဆက်တိုက် ပြန်ကျဆင်းလာခဲ့ပါပြီ။

အမေရိကန်ဒေါ်လာဈေးဟာ အခုတပတ်အတွင်းမှာ အတက်အကျ အနည်းငယ်စီနဲ့ အချိန်ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ရာ

လက်ရှိ ကျပ် ၅၀၀၀-၅၁၀၀ ဝန်းကျင်ကို ရောက်နေပါတယ်။

ဒီကာလတွေအတွင်း ဗဟိုဘဏ်က ငွေလဲနှုန်း ၃၅၀၀ ဝန်းကျင့်ဖြင့် ဒေါ်လာတွေ ထုတ်ရောင်းခဲ့သလို အတိုးနှုန်း ပြင်ဆင်မှုတွေ လုပ်ခဲ့ရာက ငွေလဲနှုန်းတွေ၊ ရွေဈေးတွေ အကျဘက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင်လဝန်းကျင်က စျေးတန်းဖြစ်တဲ့ ၁ ဒေါ်လာ ၄၅၀၀ ကျပ် ဝန်းကျင်ကို ပြန်မရောက်သေးသလို ရွှေတကျပ်သား ကျပ်သိန်း ၆၀ အောက်ကိုလည်း ပြန်မရောက်သေးပါဘူး။

ဗဟိုဘဏ်ဟာ ၂၀၂၄ ခုနှစ် တနှစ်တည်းကိုပဲ ငွေလဲနှုန်းကို ဈေးနှိမ်ဝယ်ပြီး ဈေးအမြင့်ဖြင့် ပြန်ရောင်းကာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အကျိုးအမြတ်ရတယ်ဆိုတဲ့ စီးပွားရေး သုတေသန ပညာရှင် Jared Bissinger ရဲ့ အစီရင်ခံစာမှာ ပါဝင်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်လာ ၃ ဘီလီယံ ကမ်းလှမ်းမှု ရှိခဲ့တယ်လို့လည်း သတင်းဌာနအချို့က ဖော်ပြနေတယ်။

ဒီအကြောင်းရင်းတွေကြောင့် ဗဟိုဘဏ်ဟာ FX Trading Platform မှတစ်ဆင့် ဒေါ်လာ၊ ဘတ်နဲ့ ယွမ်တို့ကို ထပ်မံ ရောင်းချပေးဖို့ အဆင်သင့်ရှိနေသလို ဒေါ်လာနဲ့ ရွှေစျေး ကျနေချိန် အဆင်းဘီးတပ်ပေးလိမ့်မယ်လို့ သုံးသပ်နေကြတယ်။

အခြားတစ်ဖက်မှာ စက်သုံးဆီ အတက်မှာရှိနေတာကြောင့် ဗဟိုဘဏ်ဘက်က ဒေါ်လာ လုံလုံလောက်လောက် ရောင်းချပေးနိုင်စွမ်း မရှိသေးဘူးဆိုတဲ့ သံသယတွေလည်း ရှိနေကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *