ရွှေဈေး တက်မယ် ကျမယ် ဆိုတာ ကမ္ဘာ့ ရွှေ/ငွေ ဈေး အတက်အကျ၊ နိုင်ငံခြားငွေဈေးလဲနှုန်း၊ ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် အပေါ်မှာ
ဝယ်လိုအား ရောင်းလိုအား၊ ပစ္စည်း(ရွှေထွက်ရှိမှု) ပေါများမှု၊ ရှားပါးမှု စတဲ့ အချက်အလက်များစွာပေါ် မူတည်ပြီး ဈေးကွက်ရဲ့လားရာ အတိုင်း ပေါ်ပေါက်လာတာပါ
သူများတွေ ပြောတဲ့ တက်မယ်/ကျမယ် ပြောတာ ဖတ်ပြီး သေချာ မလေ့လာပဲ ရှိတာလေးနဲ့ လိုက်ပြီး ဝယ်/လိုက်ရောင်း ရင် ကိုယ်ပဲ နစ်နာဖို့ များပါတယ်။
ဘာ့ကြောင့်ပါလဲ
၁။ ရွှေဈေး တက်တက် ကျကျ ဆိုင်တွေမှာ ရောင်းဈေး ဝယ်ဈေး ခွာလို့ပါ။
၂။ ရွှေဈေး တက်သွားလို့ ရောင်းရင် မြတ်တယ်ထား၊ ငွေပဲ မြတ်ပြီး ရွှေပြန်ဝယ်ရင် ရှုံးပြန်ပါတယ်။ (ရောင်းရင် တစ်ခါ ခွာ၊ ဝယ်ရင် တစ်ခါ နာ)
၃။ ရွှေဈေး ကျသွားရင်တော့ ပြန်ရောင်းရင် ငွေရှုံးပါတယ်။ ပြန်ဝယ်လိုက်ရင် ရွှေပါ ထပ်ရှုံးပါတယ်။ (ရွှေဈေး ရှုံးတာရယ်၊ ဆိုင်က ဈေးခွာလို့ ရှုံးတာရယ်)
ဒါ့ကြောင့် စုဆောင်းလိုတဲ့သူတွေ အနေနဲ့ …
ရွှေဈေး ကျဆင်းတတ်တဲ့ကာလတွေမှာ ဝယ်မယ်ဆိုရင် ၁၀ သားဆိုရင် ၂ ကျပ်သား ၅ ခါစီ ဖြစ်ဖြစ် ၃-၃-၄ ကျပ်စီ ဖြစ်ဖြစ် ခွဲဝယ်ခြင်းအားဖြင့် ကျဒဏ်/ တက်ဒဏ် အရှုံး/အမြတ် ခံသာပါလိမ့်မယ်။
ပြန်ရောင်းရင်
ရွှေဈေး တက်နေတဲ့ ကာလတွေမှာတော့ ခွဲ ရောင်းခြင်းအားဖြင့် အမြတ် အရှုံး Risk ကို လျှော့ချ နိုင်ပါလိမ့်မယ်။
ရေရှည်စုဆောင်းဖို့ ဝယ်ယူသူတွေအနေနဲ့က ဘယ်ဈေးဝယ်ဝယ် မှန်တယ် ဆိုတာ ကျနော်ကတော့ လက်မခံပါ။ ကိုယ့် ချွေးနည်းစာနဲ့ စုဆောင်းဝယ်ယူရတာမို့ ဈေးအတက်ကြမ်းနေတဲ့ချိန်တွေ ခဏ လက်ရှောင်ထားသင့်ပါတယ်။
အဲ့အချိန် ရွှေဆိုင်တွေက လည်း ရောင်း/ဝယ် ဈေး သိန်းချီ ခွာ တက်ကြပါတယ်။ ဒါကြောင့် ဝယ်တဲ့သူ ဘက်က ပိုနစ်နာပါတယ်။
[World Gold x Dollar Rate] ÷ 1.875 = MM Gold
ပုံမှန်အားဖြင့် (ယေဘုယျအားဖြင့်သာ) ပုံသေနည်း နဲ့တွက်ကြည့်လို့ ပြင်ပပေါက်ဈေးက နည်းနေရင် (သို့မဟုတ်) မတိမ်းမယိမ်းဆိုရင် ဈေးတန်တယ်၊ ဝယ်သင့်တယ်ပေါ့။
ဒီပုံသေနည်း ဈေးထက် အရမ်းမြင့်နေရင်တော့ မဝယ်သင့်ဘဲ ရောင်းသင့်တဲ့ အချိန်လို့ ဆရာတွေ ရေးတာ မှတ်သားဖူးပါတယ်။
ဈေးအတက်ဆုံးအချိန် ရောင်းပြီး အကျဆုံးအချိန်မှာ ပြန်ဝယ်နိုင်ဖို့ ဆိုတာကတော့ ကံအား၊ ဉာဏ်အား၊ ဝိရိယအားတွေ အားလုံး အလွန် အားကောင်းပါမှ ရနိုင်မယ့် အရာမျိုးဖြစ်ကြောင်းပါ။
စာထဲမှာ အမှားပါရင် ခွင့်လွတ်ပါခင်ဗျ။ ရွှေ ရောင်း/ဝယ်မလုပ်ပါ။ စိတ်ဝင်စားလို့ လေ့လာနေသူ တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ရွှေချစ်သူတွေအားလုံး ရွှေတွေ အများကြီး စုဆောင်းနိုင်ကြပါစေခင်ဗျ။ Original Writer – ကိုကျော်ဇင်လင်း