ဒီရက်ပိုင်းအတွင်း ဒေါ်လာစျေး၊ ဘတ်စျေး အနည်းငယ် အတက်ပြလာပေမယ့် ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေတွေ ခပ်ကြမ်းကြမ်း ဝင်ရောင်းချမှုကြောင့် စျေးပြန်ကျသွားပါတယ်။
ဩဂုတ်လမှာ ၁ ဒေါ်လာ ၇၀၀၀ ကျပ် ကျော် တက်သွားခဲ့တဲ့ ဒေါ်လာစျေးဟာ အဲ့နောက်ပိုင်း ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးမှုကြောင့် တအိအိပြန်ဆင်းလာခဲ့ပါတယ်။
ဒေါ်လာစျေးဟာ ၄ လအတွင်း အနိမ့်ဆုံး စျေးတန်းအထိ ဆင်းလာခဲ့ပေမယ့် ဒီရက်ပိုင်း အနည်းငယ်ပြန်တက်မယ့် အရိပ်အယောင်တွေ ပေါ်လာခဲ့တာပါ။
အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဗဟိုဘဏ်က FX Online Platform က တစ်ဆင့် ငွေလဲနှုန်း ၃၅၅၄ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်၊ ငွေလဲနှုန်း ၁၁၅.၉ ကျပ်နဲ့ ထိုင်းဘတ် သန်း ၂၀၀ တို့ကို ရောင်းချပေးခဲ့ပါတယ်။
အဆိုပါနေ့ တစ်ရက်တည်းမှာ စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်၊ တရုတ်ယွမ် ၁၉ သန်းကျော်နဲ့ ထိုင်းဘတ် ၂၈၉ သန်းကျော်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေကြေးတွေ ရောင်းထုတ်ပေးအပြီး ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေခင်းမှာ ဒေါ်လာစျေး ၄၃၅၀-၄၄၅၀၊ ယွမ်စျေး ၆၁၀-၆၃၀၊ ဘတ်စျေး ၁၂၉-၁၃၂.၅ ထိ ငွေလဲစျေးတွေ သိသိသာသာ ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။