News

နှစ်ကုန်နောက်ပိုင်း ဒေါ်လာဈေး ပြန်တက်လာနိုင်

ပြည်တွင်းမှာ ဒေါ်လာဈေးတွေ ဆက်တိုက်ကျဆင်းလာနေပြီး ၄ လအတွင်း အနိမ့်ဆုံး ဈေးတန်းတစ်ခုကို ပြန်ရောက်လာပေမယ့်

ရေရှည်အကျဘက်ကို မသွားဘူးလို့ ဈေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ကောလာဟလပေါင်းစုံနဲ့အတူ ဒေါ်လာဈေးဟာ ကျပ် ၇၀၀၀ ကျော်နဲ့ အမြင့်ဆုံးတန်းကို ရောက်ပေမဲ့ အခု အောက်တိုဘာလလယ်မှာတော့ တစ်ဒေါ်လာကို ၄၅၀၀ ပတ်လည်ထိ ပြန်ကျနေပါတယ်။

ကာလတိုအနေအထားမှာ ဒေါ်လာဈေး ဆက်ဆင်းမယ်ဆိုရင်တောင် ၄၀၀၀ ကျပ်အောက်ထိ မကျနိုင်တော့ဘူးလို့ ငွေကြေးဈေးကွက်စောင့်ကြည့်သူတွေဘက်က သုံးသပ်ထားပြီး နှစ်ကုန်နောက်ပိုင်းမှာ ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားဝင်ငွေရပေါက်ရလမ်း များများစားစား မရှိတာကြောင့် ဒေါ်လာဈေး ရေရှည်အကျဘက်ကို မရောက်နိုင်ဘဲ နှစ်ကုန်ပြီးချိန်မှာ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

“ဒေါ်လာဈေးက ဒီထက်ကျစရာ မရှိတော့ပါဘူး။ အကြောင်းတစ်ခုခု ပေါ်လာလို့ တက်စရာ ရှိသာ တက်မယ်၊ ဒီထက်တော့ ကျစရာ မရှိဘူး” လို့ နိုင်ငံခြားငွေ လဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဒေါ်လာဈေးနဲ့ ရွှေဈေးတို့ သိသိသာသာ ကျဆင်းလာပေမယ့် ပြည်တွင်းမှာ ကုန်ဈေးနှုန်း ကျဆင်းမှုမရှိသလို အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ ဈေးတက်လာနေပါတယ်။

အခုလို ဒေါ်လာဈေး အတက်အကျ ကြမ်းခြင်းဟာ လုပ်ငန်းတွေ လည်ပတ်ဖို့အတွက် ကြီးမားတဲ့ထိခိုက်မှုတွေ ဖြစ်လာစေပြီး အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ရာ ခက်ခဲလာပါတယ်။ Src: MPA