News

အမေရိကန်ဒေါ်လာတန်ဖိုး သုံးလနီးပါးအတွင်း အမြင့်ဆုံး ရောက်လာ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် နိုင်မယ့်အလားအလာ ရှိနေပြီး ကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေကို ဖြည်းဖြည်းချင်းပဲ မြှင့်တင်နိုင်တာကြောင့်

နိုင်ငံတကာငွေကြေးဈေးကွက်မှာ ဒေါ်လာတန်ဖိုး သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

ကမ္ဘာ့ထိပ်တန်းငွေကြေး ၆ မျိုးနဲ့ ယှဉ်ရာမှာ တိုင်းတာတဲ့ ဒေါ်လာညွှန်းကိန်းက ၁၀၄.၃၀ မှတ် ရှိနေတာကြောင့် ဇူလိုင် ၃၀ နောက်ပိုင်း အမြင့်ဆုံး ဖြစ်တဲ့ ၁၀၄.၅၇ မှတ်နဲ့ သိပ်မကွာဘဲ ဖြစ်နေပါတယ်

ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ဥရောပယူရိုက လေးလအတွင်း အနိမ့်ဆုံးကို ဆင်းနေပြီး တစ်ယူရိုကို ၁.၀၇၆ ဝန်းကျင်မှာ ရှိနေပါတယ်။ အလားတူ စတာလင်ပေါင်ကလည်း ငါးပတ်အတွင်း အနိမ့်ဆုံး ဖြစ်တဲ့ တစ်ပေါင်ကို ၁.၂၉၂၅ ဒေါ်လာမှာ ရှိနေပါတယ်။

နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုး အားကောင်းနေလာချိန်မှာပဲ မြန်မာပြည်တွင်းက ပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာဈေး တရိပ်ရိပ် တက်လာပြီး ဒေါ်လာနဲ့အတူ တခြားနိုင်ငံခြားငွေတွေပါ ဈေးတက်လာပါတယ်။

သီတင်းကျွတ်မတိုင်ခင်က အမေရိကန်တစ်ဒေါ်လာကို ၄၂၀၀ – ၄၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ အခု သီတင်းကျွတ်အပြီးမှာ ၄၆၀၀ – ၄၇၀၀ ဝန်းကျင်ကို ဆက်တိုက် မြင့်လာတာ တွေ့ရပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ် (သတင်းကို ပြန်ကူးခွင့် မပြုပါ)