News

ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပြီ

ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်တွင် ဒေါ်လာစျေးတက်ပြီး ရွှေစျေးကို ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ကောလာဟလဖြန့်ဝေမှုများကြောင့် ရွှေနှင့်ဒေါ်လာ စျေးတစ်ပြိုင်နက် ဆွဲတင်နေချိန်တွင် ယခင်က သတ်မှတ်ရန် နှောင့်နှေးနေသည့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို

အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊

ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။

ထိုအပြင် နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ် မှန်ကန်စေရန် အမိန့်အမှတ် ၃၆/၂၀၂၄ ဖြင့် ဓာတ် သတ္တု(ရွှေ)ရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီအား ဖွဲ့စည်းခဲ့ပြီဖြစ်သည်။

ကော်မတီ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးနှင့်အဖွဲ့ဝင်(၁၀)ဦးပါဝင်ကာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ရွှေရည်ညွှန်းစျေးကို နေ့စဥ် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးရမည်ဖြစ်သည်။

ထို့အတူ ရွှေစျေးနှုန်းမတည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ကာကွယ်တားဆီးခြင်း၊ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။