Weather

တစ်နာရီ မိုင် ၁၀၀ ကျော်ထိ တိုက်ခတ်နိုင်တဲ့ စိုက်ဆင်းလေပြင်း အန္တရာယ်ရှိနိုင်ကြောင်း မိုး/ဇလ ပညာရှင်သတိပေး

နိုဝင်ဘာ ၆၊ The Nation Voice

မိုးကြိုရာသီ၊ မိုးဦးရာသီနဲ့ မိုးနှောင်း မိုးလွန်ရာသီတွေမှာဖြစ်ပေါ်တတ်တဲ့ စိုက်ဆင်းလေပြင်းဟာ တစ်နာရီ မိုင် ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ သတိပေးပြောကြားထားပါတယ်။

နိုဝင်ဘာလ ၅ရက်မနက်ပိုင်းကစပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၆ခုမှာ မိုးများပြီး လေပြင်းတွေပါ တိုက်ခတ်နိုင်တယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီး

အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း ဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိထားကြဖို့ မိုး/ဇလကလည်း အကြံပြုထားပါတယ်။

” ဒီအချိန် ဆောင်းသီးနှံစိုက်တဲ့သူတွေက စိုက်နေကြပြီ။ အခုရွာရင် သက်ကြီးစပါးစိုက်သူတွေအတွက်အဆင်ပြေမှာပါ။ ဆောင်းသီးနှံသမားတွေကတော့ စိုးရိမ်ရတာပေါ့” လို့ မန္တလေးတိုင်း မြစ်သားမြို့နယ်က ကုလားပဲစိုက်တောင်သူတစ်ဦးက The Nation Voice ကို ပြောပါတယ်။

လက်ရှိအချိန်မှာ တောင်သူအများစုဟာ ဆောင်းသီးနှံစိုက်ပျိုးပြီးခါစ အချိန်အခါဖြစ်တာကြောင့် သီးနှံဖျက်တဲ့မိုး ဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
“ပြီးခဲ့တဲ့စက်တင်ဘာလက ‌ရေကြီးခဲ့လို့ အိမ်တွေကော စိုက်ခင်းတွေကော အကုန်မြုပ်ခဲ့တယ်၊ အခုမှ ပြန်ပြီး ဟိုကဆွဲ ဒီကဆွဲ ငွေလေးနဲ့ ဆောင်းသီးနှံစိုက်ပြီးခါစလေးမှာ ထပ်ဖြစ်မှာကို အရမ်းစိုးရိမ်နေရတယ်” လို့ ပဲခူးတိုင်းထဲက ဆောင်းသီးနှံစိုက်တောင်သူတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ယင်းမာပင်နဲ့ အောင်ပန်းမြို့တွေပေါ်က ဖြတ်သန်းပြီး ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသကို အနောက်မြောက်ဘက်ကနေ ဦးတည်ရွေ့လျားလာတဲ့ မိုးတိမ်တောင်ကြီးတွေကနေ စိုက်ဆင်းလေပြင်းတွေ တိုက်ခတ်ခဲ့လို့ အင်းလေးဒေသက နေအိမ်အလုံး ၄၀ နီးပါး ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် နိုဝင်ဘာလ ၇ရက်ကနေ ၉ရက်နေ့အထိ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ တစ်နာရီလေတိုက်နှုန်း ၂၈မိုင်မှ ၃၇မိုင်အထိ အနည်းဆုံးရှိနိုင်ပြီး လှိုင်းအမြင့်က ၆ပေက ၇ပေထိ ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆက်လက် ခန့်မှန်းထားပါတယ်။