လူတော်တော်များများရဲ့ အထင်က အသက်ငယ်တုန်းမှာ ပျော်စရာတွေများပြီး အသက်လေးနည်းနည်း ရလာတာနဲ့ ပျော်စရာတွေ ရှားပါးလာတယ်ပေါ့။ တကယ်တမ်းမှာတော့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ဖိစီးမှုတွေ ပိုများတတ်ပြီးတော့ ၂၀ ကျော်လာတာနဲ့ ရင့်ကျက်တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို ပိုအားကိုးနိုင်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ သိပ်မရှိဘူးဆိုတာကို ဒီအချက်တွေက သက်သေပြနေပါတယ်။
သင့်ရဲ့ ကိုယ်ပိုင်အလှကို ပိုလက်ခံလာတတ်တယ်။ အသက်ငယ်ရွယ်တုန်းမှာတော့ သူများတွေရဲ့ လှပမှုတွေကို အားကျခဲ့ပေမယ့် အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ရဲ့ အလှက တန်ဖိုးရှိတယ်ဆိုတာ သိလာပြီး ကိုယ့်ရဲ့နဂိုအလှကို သဘာဝကျကျလေး ပိုလှလာအောင် ပြင်ဆင်လာတတ်တယ်။
ရင့်ကျက်မှုက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေပြီး စိတ်ညစ်စရာတွေ သိပ်မတွေးတတ်သလို သူများတွေဆီမှာလည်း ကိုယ့်ရဲ့အကြောင်းတွေကို ဒရာမာမချိုးပြတတ်တော့ဘူး။ သူများတွေနဲ့ ကွဲပြားနေမှာကိုလည်း မရှက်တတ်တော့သလို တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း မကြောက်တတ်တော့ဘူး။
ငယ်ငယ်တုန်းကတော့ တစ်နေနေရာသွားမယ်ဆို တစ်ယောက်ယောက်ပါမှ သွားတတ်တာမျိုးက အသက်ကြီးလာတော့ တစ်ယောက်တည်း ဘာမဆို လုပ်လာနိုင်တယ်။
သူများတွေရဲ့ အမြင်တွေနဲ့ ဝေဖန်မှုတွေကို အရင်ကလောက် ဂရုမစိုက်တတ်တော့သလို ရည်းစားရှိတာ၊ မရှိတာတွေကိုလည်း သိပ်အရေးတယူဖြစ်မနေဘူး။ ဆယ်ကျော်သက်တုန်းကတော့ ကိုယ့်မှာ ရည်းစားမရှိရင်ပဲ လူရာမဝင်သလို မခံစားမိစေတော့ဘူး။ ကိုယ်လိုချင်တဲ့ အိပ်မက်တွေအတွက်ပဲ ပိုဦးစားပေးဖြစ်လာတယ်၊
ဖြစ်ချင်တာတွေအတွက် အလေးထားတတ်လာတယ်။ အရင်ကလို အပြင်တွေ အရမ်းလမ်းမသလား ဖြစ်တော့ဘူး။ နေ့တိုင်း အပြင်မထွက်ရ မနေနိုင်တဲ့ အကျင့်တွေလည်း ပြောင်းလဲလာတယ်။ တစ်ယောက်တည်း အိမ်မှာ အေးအေးဆေးဆေး လွတ်လပ်စွာ အနားယူရတာကို ပိုသဘောကျလာတယ်။
ဆယ်ကျော်သက်တုန်းကလို တွေ့ရာလူကို ရင်မခုန်တတ်တော့သလို၊ ကိုယ့်ရဲ့လက်တွဲဖော်ကို သေချာစဉ်းစားပြီးမှ ရွေးချယ်တတ်လာတယ်။ ကိုယ့်အတွက် ပိုကောင်းမွန်တဲ့ သူ၊ ပိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လာတယ်။ ပိုရင့်ကျက်တဲ့ သူ၊ ကိုယ်နဲ့အတူ တစ်ဘဝလုံး လက်တွဲသွားနိုင်မယ့်သူမျိုးကို ရွေးချယ်လာမိတယ်။
ကိုယ့်အားကိုယ် ကိုးတတ်လာပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်တယ်။ ကိုယ့်လိုချင်တဲ့ လမ်းကြောင်းတွေ၊ အိပ်မက်တွေကို ကိုယ်တိုင်အကောင်အထည် ဖော်လာနိုင်တယ်။
ငွေသုံးတာတွေ လျော့လာတယ်၊ အရင်လို စိတ်အလိုလိုက်ပြီး ဝယ်ချင်တာတွေချည်း လျှောက်မဝယ်ဖြစ်တော့ဘူး။ အရင်ကထက် ငွေကို စနစ်တကျ သုံးတတ်လာတယ်၊ အကြွေးမရှိတဲ့သူက ပိုစိတ်ချမ်းသာရတယ်ဆိုတာကို ကောင်းကောင်းသိလာတယ်။
ကိုယ်တိုင် ချက်ပြုတ်တတ်အောင် သင်ယူလာတတ်တယ်။ ဖြစ်သလို စားတတ်တာမျိုးမဟုတ်ပဲ သေချာလေး စနစ်တကျ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်တတ်လာတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်လာတယ်၊ အားကစားတွေလုပ်ဖြစ်လာတယ်၊ စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးကိုပါ အလေးထားဖြစ်တယ်။
အပေါင်းအသင်း သူငယ်ချင်းတွေ နည်းလာတယ်။ ကိုယ့်အပေါ် တကယ်စစ်မှန်တဲ့ သူငယ်ချင်း အနည်းငယ်သာ ကိုယ့်အနားမှာ ရှိလာတယ်။ သူငယ်ချင်းများများရှိတာထက် ကိုယ့်အပေါ် တကယ်ခင်မင်တဲ့ သူငယ်ချင်းတွေကိုပဲ တန်ဖိုးထား ခင်မင်တတ်လာတယ်။
ကလေးကလား ဆန်တဲ့ အဝတ်အစားတွေ၊ နေထိုင်ပုံတွေထက် တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံ၊ အဆင့်အတန်း ရှိရှိ နေထိုင်တတ်လာတယ်။ ဈေးပေါပေါနဲ့ များများရတဲ့ အဝတ်အစားတွေထက် တစ်ထည်ပဲ ရရင်တောင် ဈေးအသင့်အတင့်ရှိပြီး ကောင်းမွန်တဲ့ အဝတ်စားမျိုးကို ရွေးဝယ်တတ်လာတယ်။
အတိတ်က အမှားတွေကနေ သင်ခန်းစာ ကောင်းကောင်းတွေ ယူတတ်လာသလို အမှန်ဘယ်လိုပြင်ရမယ်ဆိုတာ ကောင်းကောင်းသိလာတယ်။ ကိုယ့်ရဲ့အမှားတွေကို လက်ခံတတ်လာသလို အမှန်ပြင်ဆင်ဖို့အတွက် ကြိုးစားဖြစ်လာတယ်။
Khin