သင့်ကို တကယ်မကြိုက်ပဲ အသုံးချရုံသက်သက်တွဲတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာများ
ပျိုမေတို့ရေ တစ်ခါတလေမှာ ကိုယ့်ဘက်ကတော့ အရမ်းချစ်ပေမယ့် ကိုယ့်ကို တကယ်ပြန်မချစ်ပဲ အသုံးချရုံသက်သက် တွဲတဲ့ လူတွေရှိနေတတ်ပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ဒီအချက်တော်တော် များများနဲ့ တိုက်ဆိုင်နေတယ် ဆိုရင်တော့ သူလည်း တစ်ယောက်အပါအဝင် ဖြစ်နေလို့ပါပဲ။ အမြန်ဆုံး ဖြတ်နိုင်ဖို့ကြိုးစားပါနော်။
(၁) သင့်ရဲ့စိတ်ခံစားချက်တွေကို အလေးမထားဘူး
သင် ဝမ်းနည်းလို့ မရယ်နိုင်၊ မပြုံးနိုင်ဖြစ်နေတဲ့ အချိန်တွေမှာ သင့်ဘေးနားမှာနေပြီး သင့်ကိုနှစ်သိမ့်ပေးတာ၊ ချော့မော့ပေးတာတွေ လုပ်ပေးရမယ့်အစား၊ သင့်ကို အတင်းပြုံးခိုင်းပြီး ပျော်ပျော်ရွှင်ရွှင်နေခိုင်းတဲ့ သူမျိုးပါ။ သူကတော့ သင်ပျော်တာပဲ မြင်ချင်တယ်ဆိုတဲ့ စကားမျိုးကိုပဲ ပြောမှာပါ။ အမှန်ကတော့ သင့်ကိုပျော်စေချင်လို့ မဟုတ်ပဲ သင့်ရဲ့ အပူတွေသူ့ကို ကူးစက်မှာစိုးလို့ ဖြစ်ပါတယ်။ ဝမ်းနည်းနေတဲ့သူတစ်ယောက် ချက်ချင်းပြန်မပြုံးနိုင်တာကို မသိလောက်အောင် သူမရူးပါဘူး။
(၂) သင့်ရဲ့ အပေါ်ယံအသွင်အပြင်ကပဲသူ့အတွက်အရေးကြီးတယ်
သင့်ရဲ့အားနည်းချက်တွေဖြစ်တဲ့ ဝတာ၊ ပိန်တာ၊ အသားဖြူတာ၊ မည်းတာတွေကို တစ်ချိန်လုံး အပြစ်တစ်ခုလို လိုက်ပြောနိုင်တဲ့သူပါ။ အဲလိုလူမျိုးဟာ သင့်ကိုယ်သင်ယုံကြည်မှုတွေကို လျော့စေပြီး အားငယ်စိတ်တွေကို ဝင်လာစေတဲ့သူမျိုးပါ။ သင့်ရဲ့ အလှစစ်ထက် အပေါ်ယံရုပ်သွင်ကိုပဲ ကြည့်နေမှတော့ သင့်ကို တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပေါ့နော်။
(၃) သာယာမှုတွေကိုပဲလိုချင်တယ်
သူဟာ သင့်ဆီက လိင်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သူ့ဘက်က သာယာမှုကိုပဲ လိုချင်ပါတယ်။ သင်စိတ်ညစ်နေတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ သင့်အနားမှာ ဘယ်တော့မှရှိမှာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ဖယ်သွားတတ်တဲ့ သူမျိုးပါ။
(၄) ဘယ်တော့မှသူ့ပိုက်ဆံမထုတ်ဘူး
တစ်ခါတလေ သင်က ရှင်းပေးလိုက်တာ၊ ကျွေးလိုက်တာမျိုးတွေ ရှိတတ်တယ်ဆိုပေမယ့်၊ အမြဲတမ်းဆိုရင်တော့ မဟုတ်သေးပါဘူး။ ပိုက်ဆံရှင်းရမယ့် အချိန်ရောက်တိုင်း သင့်တာဝန်လိုလို၊ သူနဲ့မဆိုင်သလိုလို၊ လက်ပဲမအားသလိုလို အမြဲလုပ်နေရင်တော့ သင့်ကို ပိုက်ဆံအတွက် အသုံးချနေတာဆိုတာကို ကောင်းကောင်းကြီး သိသင့်နေပါပြီနော်။
(၅) သင့်သူငယ်ချင်းတွေက သတိပေးမယ်
သင့်သူငယ်ချင်းတွေက သူ့ကို ဘယ်လိုမှ နှစ်သက်ကြမှာမဟုတ်ပါဘူး။ အကြောင်းကတော့ ထူးဆန်းပါတယ်။ သူငယ်ချင်းတွေမှာ သူတို့သူငယ်ချင်းရဲ့ ချစ်သူကမဟုတ်တာ၊ မူမမှန်တာ တစ်ခုခုလုပ်ရင် အလိုလိုသိနိုင်တဲ့ အာရုံရှိကြပါတယ်။ သူ့ရဲ့ အနေအထိုင်၊ အပြောအဆို တွေက တစ်ခုခုလွဲချော်နေတာ၊ ကောင်းပြလွန်းနေတာမျိုးဆိုရင် သင့်သူငယ်ချင်းတွေက ချက်ချင်းသိနိုင်ကြပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်းတွေက သတိပေးနေတယ်ဆိုရင်တော့ သင်ကောင်းကောင်းပြန်စဉ်းစားသင့်ပါပြီ။
Em Em(Auntymay)