နိုင္ငံတကာသတင္း

ရောင်နီလာတော့မယ့် မနေ့ည UNက Human Rights Council အစည်းဝေးရဲ့ ရလဒ်

မနေ့ညက UNက Human Rights Councilအစည်းဝေးရဲ့ ရလဒ်ကို မျော်နေကြသော ပရိတ်သတ်ကြီးအတွက် အောက်ကစာလေးကို ဖတ်ကြည့်ကြပါနော်… 👇👇👇

# အရေးတော်ပုံအောင်‌တော့မည်

ကုလသမဂ္ဂရဲ့ ကန့်ကွက်၊ ရှုံ့ချတဲ့ Statement တွေကို မြန်မာပြည်သူတွေကို ညည်းငွေ့သွားကြဟန်တူတယ်။ မနေ့က အရေးကြီးတဲ့ ကုလရဲ့ သတင်းတစ်ခုကို ပြောကြတာ သိပ်မတွေ့ရဘူး။

မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တက်ရောက်သူ (၄၇)နိုင်ငံလုံး တစ်နိုင်ငံမှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒါဟာ အင်မတန်ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ ညီညွတ်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်အရေးအတွက် ကြီးမားတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်ကောင်စီအတွက် ပြင်းထန်တဲ့ ထိုးနှက်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေအတွက် အားတက်ဖွယ် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်တယ်။

ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး အဖွဲ့ဝင် (၄၇)နိုင်ငံလုံး ကန့်ကွက်သူမရှိဆိုတဲ့ ရှားပါးတဲ့အနေအထားဟာ စစ်ကောင်စီသည် လုံးဝအဖော်ကင်းမဲ့ အထီးကျန်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကူကယ်ရာမဲ့ အိပ်မက်ဆိုးပဲ။ ဒီ ၄၇ နိုင်ငံမှာ တရုတ်၊ ရုရှားလို မအလတို့ အားကိုးတဲ့ နိုင်ငံတွေကလည်း နှုတ်ဆိတ်နေခဲ့တယ်။

စစ်ကောင်စီသည် သူသွားနေတဲ့ ခြေလှမ်းတွေကို မဖြစ်မနေ ပြန်သုံးသပ်ရတော့မယ်၊ ရပ်တန့်မှ ဖြစ်တော့မယ်ဆိုတဲ့ အပြင်းထန်ဆုံးသော သတိပေးချက်ပဲ။

Statement တွေထုတ်၊ စိုးရိမ်တယ်၊ ပူပန်တယ် ပြောနေတာဟာ မထိရောက်ဘူးလို့ လုံးဝမတွေးလိုက်ပါနဲ့။ အခုဆိုရင် နှစ်လမပြည့်ခင်မှာ ကမ္ဘာ့စာမျက်နှာမှာ ဒီလောက်ပေါက်ကွဲထွက်လာတဲ့ မြန်မာအရေးအနေအထားကို ဒီမိုကရေစီမရသေးတဲ့အလားတူနိုင်ငံတွေက အရမ်းအားကျနေရတဲ့အထိပါပဲ။ ချက်ချင်းစစ်ကြေညာ၊ ချက်ချင်းထတိုက်စေချင်တာကတော့ မြန်မာပြည်သူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်ပါပဲ။ ဒါပေမယ့် အိပ်မက်တွေဆီသွားဖို့ ခြေလှမ်းတွေဟာ အတော်ရောက်ရှိနေပါပြီ။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ ကန့်ကွက်သူမရှိ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ အဓိကအချက် (၄)ချက်ရှိတယ်။

(၁)လူ့အခွင့်အရေးကောင်စီမှမြန်မာစစ်အာဏာရှင်များအားလူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။

(၂) မြန်မာစစ်တပ်နှင့် စီးပွါးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအားလုံးကို မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ချက်ခြင်းရပ်တန့်ရန် တောင်းဆိုသည်။

(၃)လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာရေးသားတင်သွင်းသူရဲ့ သက်တမ်းကို တိုးမြှင့်သည်။ မြန်မာ့စစ်တပ်၏ စီးပွါးရေးလုပ်ငန်းများကိုစုံစမ်းစစ်ဆေး၍လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများထံတင်ပြရန်တာဝန်ပေးသည်။

(၄)လူ့အခွင့်အရေးကောင်စီမှ၂၀၁၉ခုနှစ်ကဖွဲ့စည်းထားသည့် လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်အား မြန်မာစစ်တပ်မှကျူးလွန်နေသောရာဇဝတ်မှုများကို ဆက်လက်စုံစမ်းဖော်ထုတ်ရန်နှင့် နောင်တစ်ချိန်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံံးတွင် တရားစွဲဆိုနိုင်ပါက သက်သေအထောက်အထားများ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန် တာဝန်ပေးသည်။

နံပါတ် (၂) အချက်ဟာ လတ်တလောမှာကို စစ်ကောင်စီ အထူးတုန်လှုပ်မယ့် အချက်ပဲ။ စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါဆိုတဲ့သီချင်းကို အကော်ဒီယံကြီးတီး ဆိုပြနေရအောင် ခေတ်က ၈၈ မဟုတ်ဘူး။ ၂၁ ပါ။ ဦးပိုင်ကတော့ ဘုရားတရားတနေရပြီပဲ။ လတ်တလော ဘဏ္ဍာရေးပြသနာကို အလုံးအရင်းနဲ့ ရင်ဆိုင်နေတဲ့ စစ်တပ်ဟာ ဝင်ငွေရလမ်းအားလုံး ပိတ်ခံရတော့မယ့် အခြေအနေမှာ ရှိနေပြီ။ မြေကြီးကို လက်နဲ့ပုတ်ရင်မှ လွဲဦးမယ်။ ဒါကတော့ လွဲစရာမရှိတော့ပါ။

နံပါတ်(၄) အချက်ဟာ စစ်ကောင်စီက ငပဲ့တွေ ဖတ်လိုက်တာနဲ့ ICC က ကြိုးစင်ကို တန်းမြင်နေရအောင်ထိ ပြင်းထန်တယ်။

၁၊၂၊၃၊၄ ထဲမှာ တိုက်ရိုက်မပါပေမယ့် စစ်တပ်ဟာ ဒီဆုံးဖြတ်ချက်ကို မြင်တာနဲ့ သူအားကိုးထားတဲ့ တရုတ်နဲ့ ရုရှားဟာ တစ်ကမ္ဘာလုံးကို အံ့တုပြီး သူတို့ကို ကာကွယ်ပေးနေမှာ မဟုတ်တော့ဘူးဆိုတာ အလုပ်နဲ့ သက်သေပြခံလိုက်ရပြီဆိုတာ သိသွားလောက်ကြပြီ။

ငိုစရာတွေကို မြင်နေကြရတယ်။ ပျော်စရာတွေကို မေ့မထားလိုက်ပါနဲ့။ သေနတ်ကိုင်ထားလို့ လတ်တလောအနိုင့်အထက် ပြုကျင့်လို့ ရနေတာအပြင် မအလတို့မှာ ရွှေ့စရာတစ်ကွက်မှ မကျန်တော့ဘူး။

မမေ့နဲ့…
ငါတို့နိုင်မှာဆိုတာကို ဘယ်အခြေအနေမှာဖြစ်ဖြစ် မမေ့လိုက်ပါနဲ့။

အမှောင်ဆုံးတွေဟာ ရောက်ရှိလာပြီးပြီ။
ရောင်နီဟာ မကြာတော့ဘူး။
နွေဦးပန်းတွေကိုသာ ချိုးဖဲ့လို့ရမယ်။
နွေဦးရောက်လာမှာကိုတော့ တားလို့မရဘူး။

နွေဦးကို ကြိုကြရတော့မယ်။

#Credit