အခ်စ္ေရး

ကိုယ့်အနားက ထွက်ခွာသွားချင်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ သိလာရမယ့် အရာ(၄)ခု

လူတစ်ယောက်ရဲ့ဘဝမှာ ချစ်ခြင်းပေါင်းများစွာနဲ့ ကြုံတွေ့ကြရမှာပါ။ တစ်ချို့ချစ်ခြင်းတွေက လှပသလို၊ တစ်ချို့ချစ်ခြင်းတွေက ပြန်မတွေးချင်လောက်အောင် အကျဉ်းတန်ရုပ်ဆိုးလွန်းပါတယ်။ ဒီလိုပဲ လူတွေဟာ ကိုယ့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ မဆုံခင်အထိ အချစ်တွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းလဲနေရအုံးမှာပါပဲ။ ဒီတော့ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲလိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကို အရမ်းနှိပ်စက်ပြီး ဝမ်းနည်းခံစားမနေပါနဲ့။ သင့်အတွက် မဖြစ်နိုင်တဲ့သူနဲ့ လမ်းခွဲလိုက်တဲ့အခါ ဒီအရာတွေကို သင်ရရှိလာစေမှာပဲ ဖြစ်ပါတယ်။

 

သင့်ကိုယ်ပိုင်ဘဝလေးကို ပြန်လည်ရရှိလာမယ်

ကိုယ့်အတွက် မဖြစ်နိုင်တော့တဲ့သူကို လက်လွှတ်ပေးလိုက်တာက ကိုယ့်အတွက် ပိုအဆင်ပြေလာစေမှာပါ။ သူနဲ့လမ်းခွဲလိုက်တဲ့အခါ အရင်လို သူ့စိတ်ကြိုက်လိုက်နေပေးစရာ မလိုတော့ဘူး၊ ဘယ်သွားသွား ခွင့်တောင်းနေစရာလည်း မလိုဘူး၊ အိမ်ပြန်နောက်ကျလို့ အပြစ်တင်မယ့်သူလည်း မရှိဘူး၊ ကိုယ့်ဘဝကို ကိုယ်ကြိုက်တဲ့ ပုံစံလေးအတိုင်းပဲ လွတ်လွတ်လပ်လပ် နေထိုင်လို့ရပါတယ်။ တစ်ခါတစ်လေမှာ အဆိပ်အတောက်ဖြစ်တဲ့ relationship မျိုးထက် တစ်ယောက်တည်းနေထိုင်တာက ပိုကောင်းမွန်ပါတယ်နော်။

ကိုယ့်ကိုယ်ကို ပိုလေးစားတတ်လာမယ်

တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက် ကိုယ့်ကိုယ်ကို မေ့လျော့နေတတ်တာတွေ၊ သူ့အကြိုက်ချည်းပဲလိုက်ပြီး ကိုယ့်ကိုယ်ကို လျစ်လျူရှုမိနေတာတွေ၊ သူ့အချစ်ခံရဖို့အတွက် ကိုယ့်ရဲ့တန်ဖိုးတွေ လျော့ကျခဲ့ရတာတွေ ဒါတွေက ကိုယ်နဲ့မထိုက်တန်တဲ့သူကို ချစ်မိတဲ့အခါ ဖြစ်ပေါ်လာရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီတော့ သူနဲ့လမ်းခွဲလိုက်တာက ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတွေ့ရှိသွားခြင်းဖြစ်ပြီး အရင်က ကိုယ်မိုက်ရူးရဲဆန်စွာ လုပ်မိနေတဲ့အရာတွေကို ပြန်လည်သုံးသပ်တတ်ပြီး ကိုယ့်ကိုယ်ကို ပိုလေးစားတတ်လာစေမှာ ဖြစ်ပါတယ်။

ကိုယ့်အတွက် အချိန်ပိုရလာမယ်

သူနဲ့လမ်းခွဲလိုက်တဲ့အချိန်မှာ သင့်အတွက် အချိန်တွေပိုထွက်လာတာကို တွေ့ရမှာပါနော်။ အရင်လို စိုးရိမ်စိတ်တွေနဲ့ နေထိုင်ပြီး သူ့အကြောင်းတွေ လိုက်စုံစမ်းနေစရာ မလိုတော့ဘူး၊ သူ့ကို ဖုန်းတွေဆက်နေဖို့ မလိုတော့ပဲ အဲဒီ့အချိန်တွေဟာ ကိုယ်ပိုင်အချိန်တွေ ဖြစ်လာစေပါတယ်။ ဒီလိုအချိန်တွေမှာ ကိုယ်ဝါသနာပါရာလေးတွေကို ပိုလုပ်ဖြစ်လာမယ်၊ ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို လေ့လာဖို့ အချိန်တွေပိုထွက်လာပြီး ကိုယ့်အတွက် အချိန်ပိုရလာမှာ ဖြစ်ပါတယ်။

လွတ်လပ်မှု

Relationship တစ်ခုက မတူညီတဲ့ သူစိမ်းနှစ်ယောက် ပေါင်းသင်းကြတာဖြစ်မို့ နားလည်မှုတွေ၊ ညှိနှိုင်းမှုတွေဆိုတာ လိုအပ်သလို တစ်ခါတစ်လေ သူ့အကြိုက်လိုက်ပေးရတာတွေ၊ လိုက်ညှိနေရတာတွေ ရှိတတ်တာဖြစ်လို့ ကိုယ့်စိတ်ကြိုက် လွတ်လပ်မှုကို မခံစားရနိုင်ပါဘူးနော်။ ဒါပေမယ့် ကိုယ့်အတွက် အဆင်မပြေတဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တဲ့အခါ ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ကိုယ့်ပုံစံအတိုင်းလေးနေပြီး ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုတာက ကိုယ့်ရဲ့လွတ်လပ်မှုပဲ မဟုတ်လား။