ယောက်ျားတစ်ယောက် ဘယ်လောက်ချောချော တာဝန်ယူစိတ်မရှိရင် သူဟာ အလကားလူပဲ။ မိန်းကလေးတစ်ယောက် ဘယ်လောက်လှလှ ကိုယ့်အားကိုယ်ကိုးစိတ်မရှိရင် သူဟာ အလှပြပန်းအိုးတစ်လုံးပါပဲ။
ဘဝကို လှလှပပရှင်သန်ရတယ်။ တာဝန်ယူစိတ်၊ လေးစားစိတ်လေးရှိတတ်အောင် ရှင်သန်ရတယ်။ မိန်းကလေးတစ်ယောက်မှာ ကိုယ့်ဘဝကိုယ် ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်တဲ့ စွမ်းရည်ရှိရတယ်။ တခြားလူ ယူဆောင်သွားလို့မရတဲ့အရာ ရှိရတယ်။
ယောက်ျားကောင်းဆိုတာ ဘတ်စ်ကားနဲ့မတူဘူး။ ၁ဝမိနစ်တစ်ကြိမ် မလာတတ်ဘူး။ မိန်းမကောင်းဆိုတာလည်း ဘတ်စ်ကားနဲ့မတူဘူး။ ပိုက်ဆံပေးတိုင်း တက်လို့ရတာ မဟုတ်ဘူး။ ဒီစကားတစ်ခွန်းကို သိပ်နှစ်သက်တယ်.. “ပိုက်ဆံဆိုတာ လူနဲ့ခွာလိုက်ရင် စက္ကူစုတ်တစ်ရွက်ပဲ၊ လူတချို့က ပိုက်ဆံနဲ့ခွာလိုက်ရင် အလကားလူတစ်ယောက်ပဲ”။ ကိုယ်ဘာလုပ်လုပ် လူတွေနားလည်စရာမလိုပါဘူး။ ကိုယ်အစွမ်းကုန် ကြိုးစားလုပ်ဆောင်ဖို့ပဲလိုတယ်။ ကိုယ့်ကို လူတိုင်းနှစ်သက်စရာမလိုပါဘူး။ ကိုယ်လုပ်တာကို ပွင့်လင်းမြင်သာဖို့ပဲလိုတယ်။
ဒီဘဝကိုရောက်လာပြီဆိုမှတော့ လှလှပပတော့ ရှင်သန်မှာပဲ။ ကိုယ် မရပ်တန့်ရဲဘူး.. ကိုယ့်မှာ ဘဏ်စုစာအုပ်မရှိသေးလို့။ ကိုယ် မောတယ်လို့ မပြောရဲဘူး.. အောင်မြင်မှုမရသေးလို့။ ကိုယ် မပျင်းရဲဘူး.. ကိုယ့်ထက်အောင်မြင်တဲ့လူတောင် ကိုယ့်ထက်ကြိုးစားနေသေးလို့။ အရာရာကို လက်လွှတ်စွန့်လွှတ်ဖို့ ကိုယ်ရွေးချယ်လို့ရတာပဲ။ ဒါပေမယ့် ကိုယ် ဘယ်တော့မှ အရှုံးမပေးဘူး။ ဘဝရဲ့ မမျှတမှုကို ကိုယ် မကျေမနပ်ဆိုပြီး အရာရာကို လက်မြှောက်လိုက်လို့ရတာပါပဲ။ ဒီလို လုပ်လိုက်တော့ရော.. အချိန်က နှေးသွားမှာတဲ့လား။
ဘဝမှာ မပင်ပန်းတဲ့အလုပ်ဆိုတာ မရှိပါဘူး။ လူမှုရေးမရှုပ်ထွေးတဲ့ နေရာဆိုတာ မရှိပါဘူး။ ဒါကြောင့် ကြံ့ခိုင်သန်မာဖို့က ကိုယ်ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်တယ်။ အတွင်းစိတ်အင်အားကြီးမှ ဘဝခုခံအားပြည့်စုံမှာ။ တခြားလူရဲ့လခကို ကိုယ်အားမကျဘူး။ အဲဒီလခရဖို့ သူနေ့နေ့ညည ကြိုးစားရတယ်ဆိုတာကို ကိုယ် သိလို့။ အရာရာကို လက်လွှတ်ပြီး ဘဝကို ရေလိုက်ငါးလိုက်နေနေသူကို ကိုယ် အားမကျဘူး။ ဘဝကို အဲဒီလို ရေစုန်မျောဖို့ သူလည်းပဲ တစ်ခုခုတော့ ပေးဆပ်ရမှာပါပဲ။
အလုပ်လုပ်စရာမလိုဘဲ ကျွေးမွေးထားသူရှိတဲ့သူကို ကိုယ် အားမကျဘူး။ သူ့ကို ပေးကမ်းသူကို သူ နေ့နေ့ညည ဘယ်လောက် ငိုယို စောင့်စားရမယ်မှန်း မသိဘူး။ ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်၊ လွတ်လပ်မှုပဲဖြစ်ဖြစ်၊ ကျွေးမွေးထားသူရှိလို့ပဲဖြစ်ဖြစ် တစ်ခုခုတော့ ပြန်ပေးဆပ်ရတာပါပဲ။ ဒါကြောင့် အားမကျဘူး၊ ဘဝကို မကျေမနပ် မညည်းတွားဘူး။ အကြောင်းက.. ကြိုးစားမှုတစ်မျိုးကို မိမိကိုယ်ကိုအားကိုးခြင်းလို့ ခေါ်လို့ပါပဲ။
ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့ ကြိုးစားနေချိန်တွင်း၊ ဘယ်သူ မျက်ရည်မကျဖူးလဲ။ ဘယ်သူ စိတ်မပျက်ဖူးလဲ။ ဘယ်သူ မရှုံးဖူးလဲ။ လက်လွှတ်တာ ကြောက်စရာမကောင်းပါဘူး။ ကြောက်စရာကောင်းတာက တစ်သက်လုံးလက်လွှတ်ခြင်းပဲ။ စိတ်ပျက်တာ ကြောက်စရာမကောင်းပါဘူး။ ကြောက်စရာကောင်းတာက စိတ်အားထက်သန်မှု ပျောက်ဆုံးတာပဲ။ ရှုံးတာ ကြောက်စရာမကောင်းပါဘူး။ ကြောက်စရာကောင်းတာက နလန်မထူနိုင်ခြင်းပဲ။
လက်မလွှတ်ပါနဲ့… အရှုံးနဲ့ ရင်ဆိုင်ရမှာကို မကြောက်ပါနဲ့။ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးရင် ကြိုးကြိုးစားစား လုပ်ဆောင်ကြည့်ပါ။ ကြိုးစားလုပ်ဆောင်ခဲ့သည့်တိုင် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်တောင် နောက်ပြန်လှည့်ကြည့်တဲ့အခါ ကိုယ်ကြိုးစားခဲ့ဖူးပြီမို့ နောင်တရစရာ မရှိတော့ပါဘူး။ ဘာမှမလုပ်ဘဲ၊ မကြိုးစားဘဲ နောင်တရနေတဲ့လူတချို့နဲ့စာရင် ကိုယ့်ဘဝ နေပျော်ပါတယ်။ အနည်းဆုံးတော့ အလကားလူ၊ အလှပြပန်းအိုးတစ်လုံး ကိုယ်မဖြစ်ခဲ့လို့ပါပဲ။
နိုင်းနိုင်းစနေ