ခွဲမရအောင်ချစ်မိကြတဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတတ်တဲ့ အချက် ( ၈ )ချက်
အချစ်ဆိုတာ အံ့သြစရာကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်အောင်မြင်တဲ့ ချစ်သူစုံတွဲဖြစ်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နီးစပ်မှုရှိနေဖို့ လိုပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာ ချစ်သူနှစ်ယောက်ဟာ ကိုယ်ချင်းဆက်အမွှာတွေလို ခွဲမရအောင် နီးစပ်သွားတာမျိုးတွေလည်း ရှိပါတယ်။
ဒီလိုမျိုး ကြားလေသွေးရင်တောင် ဝေးတယ်လို့ ထင်ပြီး အချင်းချင်း ကော်နဲ့ကပ်ထားသလို ခွဲမရအောင်ချစ်မိကြတဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတတ်တဲ့ သက်ရောက်မှုတွေကို စုစည်းဖော်ပြလိုက်ပါတယ်
၁။ “ငါ” ဆိုတာက “ငါတို့” ဖြစ်လာတယ်။ သင့်ရဲ့ သူငယ်ချင်းမိတ်တွေတွေက ပွဲလမ်းတစ်ခုခုရှိရင် တစ်ယောက်တည်းဖိတ်လို့မရတော့ပါဘူး။ ဘာလို့ဆို အမြဲတမ်း သင့်တို့စုံတွဲက အတူလာမှာမို့လို့ပါ။
ဘယ်သွားသွား ဘယ်လာလာ နှစ်ယောက်တွဲဖြစ်နေတာကြောင့် သင့်တို့ကို တစ်ယောက်တည်း မြင်ကြတော့မှာ မဟုတ်ပါဘူး။
၂။ သူငယ်ချင်းတွေ တဖြည်းဖြည်းနည်းလာတယ်။ အရင်တုန်းကတော့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ပြောကြဆိုကြ၊ တစ်ယောက်လိုအပ်နေချိန်မှာ တစ်ယောက်ရှိနေတတ်ပေမယ့် ….
ချစ်သူနဲ့ ပိုနီးစပ်လာတာနဲ့အမျှ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အရင်လိုဆက်ဆံမှုတွေ နည်းပါးလာမှာဖြစ်ပါတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေချိန်တွေ ပိုများလာတာကြောင့် မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးတာနည်းလာတာကြောင့် ဖြစ်ပါတယ်။
၃။ ဝါသနာ၊ ရည်မှန်းချက်၊ အိပ်မက်တွေ ပျောက်ကွယ်သွားမယ်။ Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့၊ ထပ်ယူချင်တဲ့ MBA ဘွဲ့လက်မှတ် စတာတွေ အားလုံး မရှိတော့ပါဘူး။
ဘာတွေလုပ်နေလဲဆိုတော့ ချစ်တဲ့သူနဲ့ အတူတူရှိနေရဖို့ကိုပဲ လုပ်နေတော့မှာပါ။ စိတ်ဓာတ်ကျပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတာကြောင့် မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချစ်သူနဲ့ အတူလုပ်ဆောင်ချင်ပြီး ချစ်တဲ့သူ မပါရင် ဘာကိုမှမလုပ်ချင်တော့တာမျိုးပါ။
၄။ အမြဲတမ်း ဘယ်ရောက်နေလဲ ဘယ်သွားနေလဲ စစ်ဆေးနေတတ်တယ်။ ချစ်သူနှစ်ယောက်မှာ တစ်ယောက်က အကြောင်းကိစ္စတစ်ခုကြောင့် တစ်ယောက်တည်းသွားလာလှုပ်ရှားရတဲ့ အခါမျိုးမှာ …
အခြားတစ်ယောက်က ဘယ်ရောက်နေလဲ၊ အဆင်ပြေလား၊ ဘယ်လိုအခြေအနေလဲ စသဖြင့် လှမ်းပြီး စစ်ဆေးမေးမြန်းနေတတ်သလို သွားတဲ့တစ်ယောက်ကလည်း …
ကျန်ခဲ့တဲ့တစ်ယောက် ဘာလုပ်နေလဲ၊ အဆင်ပြေရဲ့လား စစ်ဆေးနေတတ်ပါတယ်။ ချစ်သူမပါတဲ့ ဘယ်နေရာကိုပဲသွားသွား အရင်ကလောက် ကြာကြာမနေပဲ စောစောပြန်ဖို့ပဲ တွေးနေတတ်ပါတယ်။
၅။ စိတ်ရင်းကို ပိုပြီးဖုံးကွယ်တတ်လာမယ်။ တစ်ယောက်နဲ့ တစ်ယောက်အရမ်းနီးစပ်လာတဲ့အခါမှာ ကိစ္စတစ်ချို့မှာ တကယ့်စိတ်ရင်း၊ ခံစားချက်တွေကို ဖုံးကွယ်တတ်လာပါတယ်။
စိတ်ထဲက လက်မခံချင်ပေမယ့် ချစ်သူအလိုမကျမှာ၊ စိတ်ပျက်သွားမှာကို စိုးရိမ်ပြီး လက်ခံလိုက်တာမျိုးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်လာတာက အတွင်းစိတ်ကို သတ်သလိုဖြစ်ပြီး အချိန်ကြာလာရင် ဆက်ဆံရေးကို ယိုယွင်းပျက်စီးလာစေနိုင်ပါတယ်။
၆။ လက်တွေ့ဘဝနဲ့ ကင်းကွာလာမယ်။ အချစ်က စိတ်ကူးယဉ်ဆန်တာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အရမ်းချစ်ပြီး ပျော်နေဖို့က ဘဝမဟုတ်ပါဘူး။ ချစ်သူကိုပဲ စိတ်ရောက်နေတဲ့အခါမှာ ပတ်ဝန်းကျင်က လက်တွေ့ဘဝဖြစ်တဲ့ အလုပ်အကိုင်၊
မိသားစု စတာတွေနဲ့ ကင်းကွာလာတတ်ပါတယ်။ ချစ်သူချင်းဆက်ဆံရေးက အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင့်အတွက် အရာအားလုံးတော့ မဖြစ်သင့်ပါဘူး။
၇။ သာမန်စကားများတာတွေကိုတောင် အကြီးအကျယ်ပြဿနာလို့ထင်လာမယ် စကားများရန်ဖြစ်တာက ချစ်သူချင်းဆက်ဆံရေးမှာ ပျော်စရာကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ရှောင်လွှဲလို့လည်း မရနိုင်ပါဘူး။
အချင်းချင်းအရမ်းနီးစပ်ပြီး ခွဲမရအောင်ချစ်တယ်ဆိုသူတွေမှာဆိုရင် ဘာမှမဟုတ်တဲ့ သာမာန်အငြင်းပွားမှုလေးကိုတောင်မှ ပြဿနာကြီးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် လမ်းခွဲရမှာ၊ ချန်ထားခံခဲ့ရမှာကို စိုးရိမ်တဲ့အတွက် ….
ခံစားချက်အစစ်အမှန်တွေနဲ့ ရိုးသားမှုကို ဖုံးကွယ်ပြီး စကားများတဲ့ကိစ္စကို လျှော်လိုက်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အကြီးအကျယ်အချင်းများမှုတွေဖြစ်ပြီး ဆက်ဆံရေးရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်ပါတယ်။
၈။ “ငါ ဘယ်သူလဲ” စ တွေးမိလာမယ်။ အမှန်အတိုင်း ဝန်ခံချင်မှာမဟုတ်ပေမယ့် ချစ်သူချင်းခွဲမရအောင်အရမ်းနီးစပ်သွားပြီဆိုရင် ကိုယ်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။
ဒီအချိန်မျိုးမှာ အရင်က တစ်ယောက်တည်းလုပ်ခဲ့တာတစ်ခုခုကို မလုပ်မိတာ၊ မလုပ်တော့တာ ဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာ တွေးမိလာပါလိမ့်မယ်။ သင့်ချစ်သူလည်း ဒါမျိုးတွေးမိနိုင်ပါတယ်။
လူတိုင်းက အချစ်ခံချင်ကြပါတယ်။ ဒါ့ကြောင့် ချစ်သူနဲ့ နီးစပ်ရခြင်းကြောင့် ခုလိုမကောင်းတာတွေ ဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင် နီးစပ်နေချင်တာ၊ ချစ်နေချင်တာဆိုတာက အချစ်မဟုတ်ပါဘူး။
အပြန်အလှန်မှီခိုနေချင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ယောက်ပေါင်းလို့ တစ်ခုဖြစ်လာနိုင်မယ့် အရာတွေနဲ့ တစ်ယောက်ချင်းစီရဲ့ သီးခြားဖြစ်တည်မှုတွေကို ဘယ်လိုဆက်လက်ထိန်းသိမ်းထားမလဲဆိုတာကို အချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။ Credit-gentleman