အခ်စ္နွင့္ဘဝ

လူတစ်ယောက်ကို ကြိုးစားပြီး လက်လွှတ်ကြည့်ဖူးလား

လူတစ်ယောက်ကို ကြိုးစားပြီး လက်လွှတ်ကြည့်ဖူးလား။ ဘယ်လောက်ပဲ သတိရရ သူ့ newsfeedကို သွားမကြည့်မိအောင်နေတာမျိုး၊ သူနဲ့ မဆက်သွယ်မိအောင်နေတာမျိုးပေါ့။

“လူတစ်ယောက်ကို unfriend လုပ်တာဟာ add friend လုပ်ရတာထက် သတ္တိရှိဖို့ ပိုလိုတယ်” တဲ့။ ပြီးဆုံးပြီဆိုတာက စတင်တာထက် ဆုံးဖြတ်ချက်ချရ ပိုခက်တယ်လေ။ လူတစ်ယောက်ကို unfriend တယ်ဆိုတာဟာ ငါတို့ရဲ့ဇာတ်လမ်း ဒီမှာတင်အဆုံးသတ်ပြီဆိုတဲ့ သဘောပါပဲ။ နောင်နောက် နင်နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေဟာ ငါနဲ့ မပတ်သက်တော့ဘူး။ နင့်ရဲ့ နေ့စဉ်ဘဝမှာ ငါပါဝင် မပတ်သက်တော့ဘူးဆိုတဲ့ သဘောပါပဲ။

တစ်ခါတလေမှာ လူလူချင်းကြားက ဆက်ဆံရေးဟာ ထွက်ပေါက်မရှိတဲ့ အဝိုင်းတစ်ခုလိုပဲ တဝဲဝဲလည်နေတယ်။ စစချင်းမှာ ငါတို့ဟာ ဘာမှမသက်ဆိုင်တဲ့ သူစိမ်းနှစ်ယောက်ပေါ့။ အချိန်တစ်ခုခုမှာ တွေ့ဆုံပြီးတဲ့နောက် ငါတို့ရင်းနှီးသွားခဲ့ကြတယ်၊ နောက် ချစ်ခဲ့ကြတယ်။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ငါတို့ အေးစက်သွားကြတယ်။ ဆက်ဆံရေးဟာ အစကိုပြန်ရောက်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမသက်ဆိုင်တဲ့ သူစိမ်းတော့မဟုတ်တော့ဘူး အရင်းနှီးဆုံးသူစိမ်း ဖြစ်သွားကြတာပါ။

တွေးကြည့်တော့လည်း ရင်ထဲဆို့နင့်ရပါတယ်။ အရင်းနှီးဆုံးသူစိမ်းမဖြစ်ခင် နင်ဟာ ငါရေချိုးနေချိန်မှာတောင် လက်သုတ်ပြီး မက်ဆေ့ပြန်ရသူပါ။ နင်ဟာ ငါထမင်းစားချိန်မှာတောင် မက်ဆေ့ပြန်မပျက်တဲ့သူပါ။ နင်ဟာ ခရီးဝေးကြီးသွားပြီး ငါသွားတွေ့ရတဲ့သူပါ။ နင်ဟာ နေ့နေ့ညည ငါသတိရခဲ့သူပါ။ နာရီစက္ကန့်မလပ် လွမ်းဆွတ်ခဲ့သူပါ။

ဝမ်းနည်းစရာကောင်းတာက သတ်မှတ်ထားတဲ့လမ်းဆုံးကို မရောက်ခင်မှာပဲ ငါတို့ဟာ အချင်းချင်းရဲ့အရိပ်ကို ပျောက်ပျက်စေခဲ့မိကြတယ်။ တချို့ကပြောတယ် ဆုံးရှုံးခြင်းဟာ စတင်ခြင်းတစ်မျိုးတဲ့။ ဘယ်လောက်ပဲ မခွဲမခွာရက်လည်း အချိန်ရဲ့ အဆုံးအဖြတ်အတိုင်း ငါတို့ လက်ခံကြရုံပေါ့။ ဘယ်လောက်ပဲ နာကျင်ဝမ်းနည်းလည်း သင့်မြတ်ခြင်းနဲ့ ငါတို့လမ်းခွဲကြရုံပေါ့။ ကိုယ်ပေါ်ကဖုန်တွေကိုခါပြီး တစ်ယောက်တည်း ခရီးစရုံပေါ့။

ချစ်ခင်ရင်းနှီးခဲ့တဲ့ နေ့ရက်တွေကို တစ်ခုခုပြောရမယ်ဆိုရင် “ကုန်လွန်ခဲ့တဲ့နေ့ရက်တွေမှာ အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ငါပြောချင်တယ်။ ရှေ့ဆက်မယ့်နေ့ရက်တွေမှာ နင်မပါတော့ပေမယ့် နင် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ပေါ့။

နိုင်းနိုင်းစနေ