Life Style

သဘောထားရင့်ကျက်တဲ့ အမျိုးသားတွေမှာ တွေ့ရမယ့် အရည်အချင်း (၆) မျိုး

အသက် ၁၈ နှစ်ကျော်တိုင်း ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ရင့်ကျက်ပြီး သဘောထားပြည့်ဝတဲ့လူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် အခက်အခဲအကြပ်အတည်းတွေနဲ့ အတွေ့အကြုံတွေ ၊ သင်ကြားချက်တွေကနေ ထုသားပေသားကျပြီး ဖြစ်သွားတာပါ။ ရင့်ကျက်တဲ့သူတစ်‌ယောက် ဖြစ်လာပြီလားလို့ သိချင်ရင် ဒီအချက်လေးတွေနဲ့ တိုက်စစ်နိုင်ပါတယ်။

(၁) ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း

ဘယ်သူမဆို ဝမ်းနည်းတတ် ၊ နာကျင်ပေါက်ကွဲတတ်ကြတာပါပဲ။ မတူတာက ရင့်ကျက်ပြည့်ဝသွားတဲ့သူတွေဟာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး ခံစားချက်နောက် လိုက်ပြီး မဆုံးဖြတ်ကြတော့ပါဘူး။

(၂) ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူခြင်း

လူကြီးဆိုတာ သူများကို တာဝန်ယူအုပ်ချုပ်တဲ့သူတင် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပါ တာဝန်ယူထားတဲ့သူကို ဆိုလိုတာပါ။ ကိုယ့်ရဲ့ အမှားတွေအတွက် တာဝန်ခံရဲတဲ့သူဟာ ရင့်ကျက်ပြည့်ဝတဲ့သူတွေပါပဲ။

(၃) ကျေးဇူးတင်တတ်ခြင်း

ကျေးဇူးတင်ရကောင်းမှန်းသိခြင်းဟာ မြင့်မြတ်တဲ့ လူ့သဘာဝတစ်ခု ဖြစ်ပါတယ်။ လူတိုင်း ကျေးဇူးတင်ရကောင်းမှန်း သိတာတော့ မဟုတ်ပါဘူး။ တကယ်ရင့်ကျက်တဲ့သူ ၊ သ‌ဘောထားကြီးပြီး သူတော်ကောင်းစိတ်ရှိတဲ့သူတွေပဲ ကျေးဇူးတင်တတ်ကြတာ ဖြစ်ပါတယ်။

(၄) ကိုယ့်ပင်ကိုယ်သဘောကို နားလည်လက်ခံခြင်း

ကိုယ့်ကိုယ်ကိုယ် လက်ခံခြင်းဆိုတာ တခြားမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ချစ်တဲ့စိတ်ထားတာပါ။ ရုပ်ဆိုးဆိုး ၊ အရပ်ပုပု ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ လေးစားစိတ်နဲ့ နေထိုင်သူတွေဟာ ရင့်ကျက်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ကိုယ်က အားလုံး မသိနိုင် ၊ အားလုံးလည်း မပြည့်စုံနိုင်ဘူးဆိုတာ လက်ခံတတ်ဖို့ဆိုတာ အရေးကြီးပါတယ်။

(၅) ကိုယ်ချင်းစာတတ်ခြင်း

ကိုယ်ချင်းစာစိတ်မွေးခြင်း ၊ ဂရုဏာထားတတ်ခြင်းဟာ ရင့်ကျက်ခြင်းရဲ့ လက္ခဏာပါပဲ။ လူတွေကို စိတ်ဝင်စားပြီးနားလည်စာနာတတ်ဖို့ဆိုတာ သဘောထားသေးသိမ်တဲ့သူတွေနဲ့ မသက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ရင့်ကျက်တဲ့သူတွေဆိုတာ ကိုယ်တိုင်က ခက်ခဲကြမ်းတမ်းခဲ့တဲ့ လမ်းတွေနဲ့ အတွေ့အကြုံတွေ ဖြတ်သန်းကျော်လွှားခဲ့ဖူးသူ ဖြစ်လေတော့ တခြားသူတွေရဲ့ ရုန်းကန်မှုကို စာနာတတ်ကြပါတယ်။

(၆) စကားတည်ခြင်း

ယောင်္ကျားတစ်ယောက်အတွက် ကတိစကားကို လေးစားလိုက်နာခြင်းဟာ အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်သလို အထင်ကြီးစရာကောင်းတဲ့ စံတန်ဖိုးတစ်ခုလည်း ဖြစ်ပါတယ်။ “ဆိုခဲစေ မြဲစေ” ဆိုတဲ့အတိုင်း ခေါင်းကြီးကြီးနဲ့ စဉ်းစားပြီး စကားဆိုသလို ဆိုသမျှစကားကိုလည်း ဘယ်တော့မှ အလကားမဖြစ်ခံသင့်ပါဘူး။

Credit