သင်္ဃန်းကျွန်းသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တုန်းက လူငယ်တွေပြေးလွတ်အောင် ကားကန့်လန့်ဖြတ်ပိတ်ပြီး ကူညီပေးခဲ့တဲ့ YBS 24ကားဆရာကြီးကိုကျော်ခိုင်ဝင်းတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ကိုကျော်ခိုင်ဝင်းဟာ အင်းစိန်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်(၂)ယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။
ဇွန်လ(၃၀)ရက်နေ့ မနေ့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဥ်းသား(၂၀၀၀)ခန့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ယခုမှာတော့ နွေဦးတော်လှန်ရေးဆင်နွှဲတဲ့ လူငယ်လေးတွေကို ကူညီရင်း ဖမ်းဆီးခံလိုက်ရတဲ့ YBS 24ကားဆရာကြီးတစ်ယောက် အကျဥ်းထောင်က ပြန်လွတ်လာသူတွေထဲမှာ ပါဝင်တယ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ကလေးငယ်လေးကိုချီပြီး အကျဥ်းထောင်က ပြန်လွတ်လာတဲ့ အမျိုးသားတစ်ယောက်ကို ပြည်သူအချို့က ဖမ်းဆီးခံလိုက်ရတဲ့ YBS 24ကားဆရာလို့ ထင်မှတ်နေကြတာဖြစ်ပါတယ်။ ပြည်သူအချို့ကလည်း အဆိုပါသတင်းအမှားတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းမှုတွေပြုလုပ်နေကြပါတယ်။
ပြည်သူတစ်ဦးက ” YBS 24 ကားဆရာ ကိုကျော်ခိုင်၀င်းမဟုတ်ပါဘူးရှင့် postတွေမှာပြောနေကျတာတွေ့လို့ပါ လွတ်လာတဲ့အကိုအတွက်လဲ ၀မ်းသာပါတယ်ရှင့် ဆရာကြီးလဲ မြန်မြန်လွတ်မြောက်ပါစေရှင့်” ဆိုပြီး သတင်းအမှားတွေကို ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။
ဆန္ဒပြလူငယ်လေးတွေကို ကူညီပေးရင်း ဖမ်းဆီးခံလိုက်ရတဲ့ YBS 24ကားဆရာကြီးလည်း အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့ပြန်လည်ဆုံတွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source : Original Uploder