ၾကားသိရသမွ်

သုဿန်သို့ အလောင်းပို့တဲ့ ရန်ကုန်လူမှုရေးအသင်းများ မနိုင်မနင်းဖြစ်နေပြီ

အောက်ဆီဂျင်လိုအပ်ချက်မြင့်မားပြီး လူနေထူထပ်သည့် ရန်ကုန်တွင် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာများဖြင့် ကွယ်လွန်သူ ၆၀၀ ‌ဝန်းကျင်ကို သုဿန် လေးခုသို့ နေ့စဉ် ပို့ဆောင်သင်္ဂြိုဟ်ပေးနေရသည်မှာ တစ်ပတ်ကျော်ရှိလာ၍ မနိုင်မနင်းဖြစ်နေကြောင်း လူမှုကူညီရေးအဖွဲ့သုံးဖွဲ့က ပြောသည်။

“အောက်စီဂျင်ပြတ်လို့ သေတဲ့လူကများတယ်။ အသက်ကြီးပိုင်းနဲ့ ရောဂါအခံရှိတဲ့သူများတယ်။ ဒါပေမယ့် ကိုဗစ်တော့ကိုဗစ်ပါပဲ။ အောက်စီဂျင်ကျပြီးသေတဲ့သူတွေ။ ..ထည့်တဲ့ အခေါင်းလည်းမလွယ်၊ (အလောင်းသယ်သည့်) ကပ်လည်းမလွယ်ဘူး။ အဲဒီပစ္စည်းတွေပါ အကုန်ပြတ်နေတယ်”ဟု ဗိုလ်စိန် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာ – ရေဝေးသုဿန်၊ လှိုင်သာယာ – ထိန်ပင်သုဿန်၊ တောင်ဒဂုံ – ကျည်စုသုဿန်၊ ရွှေပြည်သာ – ကျူချောင်းသုဿန်တို့ကို ရုပ်အလောင်းများ ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယခင်က နေ့စဉ် စုစုပေါင်း ၁၀၀ ကျော်သာရှိကြောင်း လူမှုရေးအသင်းတာဝန်ရှိသူအချို့ထံမှ သိရသည်။

“ကျွန်တော်တို့အသင်းက (နေ့စဉ် သယ်ယူပေးသည့် ရုပ်အလောင်းပမာဏ)၂၀၊ ၂၅ ပဲ ပို့နေကျ။ အခုကျတော့ ၄၅၊ ၅၀ ကျော်သွားရင် မပို့နိုင်တော့လို့ ပိတ်ကိုထားရတယ်။ သုဿန်တွေမှာလဲ တစ်ခါမှမမြင်ဘူးတဲ့ လူမှုရေးအသင်းတွေပါ အလောင်းလာပို့တာ တွေ့ရတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇူလိုင် ၁၃)တွင် မြောက်ဥက္ကလာရှိ ရေဝေး၌ နှစ်နာရီခန့်ကြာ သွားရောက်စောင့်ကြည့်ခဲ့သူတစ်ဦးကလည်း ခေါင်းတလားတင်ထားသည့် လှည်းများပြည့်နှက်နေကြောင်း၊ သုဿန်တွင်ရှိသည့် မီးသင်္ဂြိုဟ်စက် သုံးလုံးစလုံး အဆက်မပြတ်လည်ပတ်နေရသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အတူ ရေဝေးသုဿန်ဝင်းအတွင်း၌ မီးသင်္ဂြိုဟ်ရန် တန်းစီထားသည့် အလောင်း ၅၀ ခန့်ကို တွေ့ရကြောင်း၊ ယာဉ်ရပ်နားဝင်းအတွင်း နာရေးကူညီမှုအသင်း၊ လူမှုကူညီရေးအသင်းကားများဖြင့် ပြည့်နှက်နေကြောင်း ၎င်းက ဆက်ပြောသည်။

သုဿန်များတွင် ထိုသို့စောင့်ဆိုင်းနေရ၍ အခြားရုပ်အလောင်းများကို ချိန်းဆိုထားသည့် အချိန်မီ သွားရောက်သယ်ဆောင်ရန်ပင် အခက်အခဲဖြစ်နေသည်ဟု လူမှုကူညီရေးအသင်းသား နောက်တစ်ဦးကလည်း ပြောသည်။

“သင်္ဂြိုဟ်ပေးရတဲ့အခက်အခဲရှိတယ်။..သင်္ဂြိုဟ်ရတာ အချိန်ကြာတာကြောင့် နာရေးအိမ်တွေကို အချိန်မီရောက်ဖို့ ခက်ခဲနေတယ် ”ဟု ၎င်းက ပြောသည်။

ရေဝေးသုဿန်တွင် ရုတ်ရုတ်သဲသဲဖြစ်သည်အထိ သင်္ဂြိုဟ်နေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူထံ Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါ ထိုသတင်းအချက်အလက်ကို အများပြည်သူထံ ထုတ်ပြန်ပေး၍ မရကြောင်း ပြောသည်။

ကူးစက်မြန်၍ ပိုမိုပြင်းထန်သည့် မျိုးဗီဇပြောင်း ကိုဗစ်နိုင်တင်းရောဂါတတိယလှိုင်းနှင့် ကြုံနေရချိန်တွင် အများပြည်သူထံသို့ အောက်စီဂျင်ထုတ်မရောင်းရန် ပုဂ္ဂလိကစက်ရုံများကို တားမြစ်ထားကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇူလိုင်၁၂)ကပင် အတည်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟုလည်း ၎င်းက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သေးသည်။

အဆိုပါအခြေအနေတွင် ကိုဗစ်နိုင်တင်းလက္ခဏာဖြစ်သည့် အသက်ရှုကျပ်သည့် ဝေဒနာကို ရင်ဆိုင်ရန် နိုင်ငံအနှံ့ အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်နေသည်။ ရန်ကုန်မြို့တွင် နေထိုင်သူတို့သည် ၄၀ လီတာဆန့် အောက်ဆီဂျင်တစ်အိုးလျှင် ကျပ် သုံးသိန်းခွဲမှ လေးသိန်းအထိ ပေးပြီး ဝယ်ယူရသည်အထိ ဖြစ်နေရကြောင်း လူမှုရေးအသင်းများထံမှ သိရသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနကမူ ဇူလိုင်လ၏ ပထမ ၁၂ ရက်တာအတွင်း ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၆၀၀ နီးပါးသာရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

——————–

ေအာက္ဆီဂ်င္လိုအပ္ခ်က္ျမင့္မားၿပီး လူေနထူထပ္သည့္ ရန္ကုန္တြင္ ကိုဗစ္ႏိုင္တင္းေရာဂါလကၡဏာမ်ားျဖင့္ ကြယ္လြန္သူ ၆၀၀ ‌ဝန္းက်င္ကို သုႆန္ ေလးခုသို႔ ေန႔စဥ္ ပို႔ေဆာင္သၿဂႋဳဟ္ေပးေနရသည္မွာ တစ္ပတ္ေက်ာ္ရွိလာ၍ မႏိုင္မနင္းျဖစ္ေနေၾကာင္း လူမႈကူညီေရးအဖြဲ႕သုံးဖြဲ႕က ေျပာသည္။

“ေအာက္စီဂ်င္ျပတ္လို႔ ေသတဲ့လူကမ်ားတယ္။ အသက္ႀကီးပိုင္းနဲ႔ ေရာဂါအခံရွိတဲ့သူမ်ားတယ္။ ဒါေပမယ့္ ကိုဗစ္ေတာ့ကိုဗစ္ပါပဲ။ ေအာက္စီဂ်င္က်ၿပီးေသတဲ့သူေတြ။ ..ထည့္တဲ့ အေခါင္းလည္းမလြယ္၊ (အေလာင္းသယ္သည့္) ကပ္လည္းမလြယ္ဘူး။ အဲဒီပစၥည္းေတြပါ အကုန္ျပတ္ေနတယ္”ဟု ဗိုလ္စိန္ လူမႈကူညီေရးအသင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေျမာက္ဥကၠလာ – ေရေဝးသုႆန္၊ လႈိင္သာယာ – ထိန္ပင္သုႆန္၊ ေတာင္ဒဂုံ – က်ည္စုသုႆန္၊ ေ႐ႊျပည္သာ – က်ဴေခ်ာင္းသုႆန္တို႔ကို ႐ုပ္အေလာင္းမ်ား ပို႔ေဆာင္ေပးေနျခင္းျဖစ္ၿပီး ယခင္က ေန႔စဥ္ စုစုေပါင္း ၁၀၀ ေက်ာ္သာရွိေၾကာင္း လူမႈေရးအသင္းတာဝန္ရွိသူအခ်ိဳ႕ထံမွ သိရသည္။

“ကြၽန္ေတာ္တို႔အသင္းက (ေန႔စဥ္ သယ္ယူေပးသည့္ ႐ုပ္အေလာင္းပမာဏ)၂၀၊ ၂၅ ပဲ ပို႔ေနက်။ အခုက်ေတာ့ ၄၅၊ ၅၀ ေက်ာ္သြားရင္ မပို႔ႏိုင္ေတာ့လို႔ ပိတ္ကိုထားရတယ္။ သုႆန္ေတြမွာလဲ တစ္ခါမွမျမင္ဘူးတဲ့ လူမႈေရးအသင္းေတြပါ အေလာင္းလာပို႔တာ ေတြ႕ရတယ္”ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္အေျခစိုက္ လူမႈေရးအသင္းတစ္ခုမွ တာဝန္ရွိသူက ေျပာသည္။

ယေန႔ (ဇူလိုင္ ၁၃)တြင္ ေျမာက္ဥကၠလာရွိ ေရေဝး၌ ႏွစ္နာရီခန႔္ၾကာ သြားေရာက္ေစာင့္ၾကည့္ခဲ့သူတစ္ဦးကလည္း ေခါင္းတလားတင္ထားသည့္ လွည္းမ်ားျပည့္ႏွက္ေနေၾကာင္း၊ သုႆန္တြင္ရွိသည့္ မီးသၿဂႋဳဟ္စက္ သုံးလုံးစလုံး အဆက္မျပတ္လည္ပတ္ေနရသည္ကို ေတြ႕ရေၾကာင္း ေျပာသည္။

ထို႔အတူ ေရေဝးသုႆန္ဝင္းအတြင္း၌ မီးသၿဂႋဳဟ္ရန္ တန္းစီထားသည့္ အေလာင္း ၅၀ ခန႔္ကို ေတြ႕ရေၾကာင္း၊ ယာဥ္ရပ္နားဝင္းအတြင္း နာေရးကူညီမႈအသင္း၊ လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ျပည့္ႏွက္ေနေၾကာင္း ၎က ဆက္ေျပာသည္။

သုႆန္မ်ားတြင္ ထိုသို႔ေစာင့္ဆိုင္းေနရ၍ အျခား႐ုပ္အေလာင္းမ်ားကို ခ်ိန္းဆိုထားသည့္ အခ်ိန္မီ သြားေရာက္သယ္ေဆာင္ရန္ပင္ အခက္အခဲျဖစ္ေနသည္ဟု လူမႈကူညီေရးအသင္းသား ေနာက္တစ္ဦးကလည္း ေျပာသည္။

“သၿဂႋဳဟ္ေပးရတဲ့အခက္အခဲရွိတယ္။..သၿဂႋဳဟ္ရတာ အခ်ိန္ၾကာတာေၾကာင့္ နာေရးအိမ္ေတြကို အခ်ိန္မီေရာက္ဖို႔ ခက္ခဲေနတယ္ ”ဟု ၎က ေျပာသည္။

ေရေဝးသုႆန္တြင္ ႐ုတ္႐ုတ္သဲသဲျဖစ္သည္အထိ သၿဂႋဳဟ္ေနရသည့္ကိစၥႏွင့္ ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္တာဝန္ရွိသူထံ Myanmar Now က ဆက္သြယ္ေမးျမန္းသည့္အခါ ထိုသတင္းအခ်က္အလက္ကို အမ်ားျပည္သူထံ ထုတ္ျပန္ေပး၍ မရေၾကာင္း ေျပာသည္။

ကူးစက္ျမန္၍ ပိုမိုျပင္းထန္သည့္ မ်ိဳးဗီဇေျပာင္း ကိုဗစ္ႏိုင္တင္းေရာဂါတတိယလႈိင္းႏွင့္ ႀကဳံေနရခ်ိန္တြင္ အမ်ားျပည္သူထံသို႔ ေအာက္စီဂ်င္ထုတ္မေရာင္းရန္ ပုဂၢလိကစက္႐ုံမ်ားကို တားျမစ္ထားေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ၏ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဇူလိုင္၁၂)ကပင္ အတည္ျပဳေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔ ဝန္ခံပါတယ္။ ေဆး႐ုံေဆးခန္းေတြမွာလည္း ျပည့္ေနတယ္။ ကြာရန္တင္းစင္တာေတြမွာလည္း ျပည့္ေနတယ္။ ထပ္ၿပီးလက္မခံႏိုင္တဲ့ဟာေတြလည္း ရွိပါတယ္” ဟုလည္း ၎က ေနျပည္ေတာ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာဆိုခဲ့ေသးသည္။

အဆိုပါအေျခအေနတြင္ ကိုဗစ္ႏိုင္တင္းလကၡဏာျဖစ္သည့္ အသက္ရႈက်ပ္သည့္ ေဝဒနာကို ရင္ဆိုင္ရန္ ႏိုင္ငံအႏွံ႔ ေအာက္ဆီဂ်င္လိုအပ္ခ်က္ျမင့္တက္ေနသည္။ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူတို႔သည္ ၄၀ လီတာဆန႔္ ေအာက္ဆီဂ်င္တစ္အိုးလွ်င္ က်ပ္ သုံးသိန္းခြဲမွ ေလးသိန္းအထိ ေပးၿပီး ဝယ္ယူရသည္အထိ ျဖစ္ေနရေၾကာင္း လူမႈေရးအသင္းမ်ားထံမွ သိရသည္။

စစ္ေကာင္စီက ထိန္းခ်ဳပ္ထားသည့္ က်န္းမာေရးဝန္ႀကီးဌာနကမူ ဇူလိုင္လ၏ ပထမ ၁၂ ရက္တာအတြင္း ကိုဗစ္ေၾကာင့္ တစ္ႏိုင္ငံလုံးတြင္ ေသဆုံးသူ ၆၀၀ နီးပါးသာရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။