ၾကားသိရသမွ်

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ

ဖမ်းဆီးခံနေရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ဒီကနေ့ မနက်က ဦးဖြိုးမင်းသိန်း သတိလွတ်သွားတဲ့အတွက် မင်္ဂလာဒုံမှာရှိတဲ့ စစ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရပါတယ်။

သူ့ကို အခု အောက်ဆီဂျင် ပေးထားတယ်လို့လည်း ခိုင်လုံတဲ့ သတင်းပေးသူတဦးက RFA ကိုပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ ဇနီးဖြစ်သူလည်း သူနဲ့အတူ အခုဆေးရုံမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဦးဖြိုးမင်းသိန်း စတင်ဖျားနာတဲ့အတွက် ဆေးစစ်ရာမှာ အခုလို ကိုဗစ်ပိုး ကူးစက်နေတာတွေ့ရှိတယ်လို့ သိရပါတယ်။

သူ့ဇနီး ဒေါ်ခင်မိကြွယ်ကတော့ ဗုဒ္ဓဟူးနေ့ ဆေးစစ်ရာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေတာကို သိရှိရတာပါ။

ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး ခြောက်ရက်အကြာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အခုလို သတိလစ်သွားတာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီးကို ရေကြည်အိုင် စစ်တပ်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး မိသားစုက ဆေးဝါးနဲ့အစားအစာ ပို့ခွင့်ရတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးကို ရေကြည်အိုင်က သီးသန့်အိမ်တလုံးမှာ ထားရှိတာဖြစ်ပါလျှက်နဲ့ အခုလို ကိုဗစ်-၁၉ ပိုး ဘယ်လိုကူးစက်ရတာလဲ ဆိုတာတော့ မသိရသေးပါဘူး။

သူတို့ကို စောင့်ကြပ်နေတဲ့ ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးမှာလည်း ဒီဗိုင်းရပ်စ် ကူးစက်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ စောင့်ကြပ်သူတွေကို ကိုဗစ်ကူးစက်နေမှန်း စစ်ကောင်စီက ကြိုတင်သိရှိခဲ့ခြင်း ရှိမရှိဆိုတာကိုလည်း မသိရသေးပါဘူး။

အခုလို ဦးဖြိုးမင်းသိန်းနဲ့ဇနီး ဒေါ်ခင်မိကြွယ်တို့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။

Source : #RFA