ၾကားသိရသမွ်

မနက်ဖြန်ကုလအထွေထွေညီလာခံကို မြန်မာ ကိုယ်စား ပြုပြီး ဘယ်သူတက်ခွင့်ရမလဲ

မနက်ဖြန်ကုလအထွေထွေညီလာခံကို မြန်မာ ကိုယ်စား ပြုပြီး ဘယ်သူတက်ခွင့်ရမလဲ

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကို အမေရိကန်နိုင်ငံ မှာ မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်ကစတင်ပြီး ကျင်းပတော့မှာပါ။

ဒီညီလာခံမှာ မြန်မာနိုင်ငံ ကို ကိုယ်စားပြုပြီး တက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ရော ၊ စစ်ကောင်စီပါ ကိုယ်စားလှယ်တွေကို အပြိုင်အဆိုင် တင်သွင်းထားပြီး အားပြိုင်ထားကြတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကပါ ညီလာခံကို ဘယ်သူတက်ခွင့်ရမလဲဆိုတာကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပါတယ်။

ညီလာခံ စစချင်းပထမရက်မှာပဲ မြန်မာကိုယ်စားလှယ်ကိုရွေးချယ်ဖို့ ဆုံးဖြတ်မှာ မဟုတ်တဲ့အကြောင်း NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကဆိုထားပါတယ်။

မနက်ဖြန် ညီလာခံစတင်မယ့်ရက်မှာ နိုင်ငံ ၉ နိုင်ငံပါတဲ့အရည်အချင်းစိစစ်ရေးကော်မတီကို ဖွဲ့စည်းမှာဖြစ်ပြီး ဒီကော်မတီက ညီလာခံတက်ရောက်ခွင့်ပြုမယ့် ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ပေးမှာပါ။

ဒီလိုရွေးချယ်ရာမှာ မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ချေ ၃ ချက်ရှိတယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

အဲဒါတွေကတော့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်အသိအမှတ်ပြုပြီး ခန့်အပ်သွားတာ ၊ ဘယ်ကိုယ်စားလှယ်ကိုမှ အသိအမှတ်မပြုဘဲ တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားတာ၊စစ်ကောင်စီက တင်သွင်းလာတဲ့သူကို အသိအမှတ်ပြုလက်ခံသွားတာ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူအများစုကတော့ NUG ကိုရော စစ်ကောင်စီကိုရော မရွေးချယ်ဘဲ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြတာပါ။

မနက်ဖြန် အထွေထွေညီလာခံအစမှာ နိုင်ငံအသီးသီးက သမ္မတ၊ ဝန်ကြီးချုပ် စတဲ့ နိုင်ငံခေါင်းဆောင်တွေ ၊ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေဟာ အသီးသီး အလှည့်ကျ မိန့်ခွန်းပြောကြမှာဖြစ်ပါတယ်။

မြန်မာမိန့်ခွန်းပြောရမယ့် ရက်ကတော့ ညီလာခံနောက်ဆုံးရက် (စက်တင်ဘာ ၂၇ )ရဲ့ နောက်ဆုံးပိတ်ဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါကြောင့် မြန်မာကို ကိုယ်စားပြုပြီး ဘယ်သူတက်ခွင့်ရမလဲဆိုတာကို ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားနေကြတာကိုတွေ့ရပါတယ်။

BWN