အမေရိကန်ဒေါ်လာသန်း ၁၄၀ ကျော်ထုတ်ရောင်းထားပေမဲ့ ဒေါ်လာဈေး စံချိန်တင်မြင့်တက်နေရသည့်အကြောင်းအရင်း ဗဟိုဘဏ်ရှင်းလင်းချက်
ဗဟိုဘဏ်အနေနဲ့ စက်တင်ဘာလထဲ အမေရိကန်ဒေါ်လာ ၂၃သန်းကို ထုတ်ရောင်းထားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစက်တင်ဘာ ၁၅ရက်အထိ ၇လခွဲတာကာလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၄၄ ဒသမ ၈ သန်း ထုတ်ရောင်းထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
ဗဟိုဘဏ်က စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၅သန်းတစ်ကြိမ်၊ ၈သန်းတစ်ကြိမ် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၂၀ကျော်ကို ပျှမ်းမျှငွေလဲလှယ်မှုနှုန်းထားသည် တစ်ဒေါ်လာလျှင် ၁၇၅၀ကျပ်ဖြင့်ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ငွေလဲကောင်တာများတွင်ပင်လျှင် ၁ဒေါ်လာ ၁၉၅၀ကျပ်ဝန်းကျင်ထိဈေးပေါက်နေရာ ဗဟိုဘဏ်ကဈေးကွက်ကိုမထိန်းဘဲ ဈေးတက်အောင်တမင်ဆွဲခေါ်နေသလားဆိုသည့် ထင်မြင်ချက်များပါရှိလာကြတယ်လို့ဆိုပါတယ်။
ဒေါ်လာဈေးမြင့်တက်လာ၍ဈေးကွက်အတွင်းနိုင်ငံခြားငွေဖြင့်ဝယ်ယူရသောပစ္စည်းများ ဈေးအဆမတန်မြင့်တက်လာခြင်း၊ကုန်ပစ္စည်းများဈေးနှုန်းမြင့်လာခြင်းနှင့်ဆက်စပ်လုပ်ငန်းထုတ်ကုန်များဈေးတက်လာမှုတို့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ယခုလို ဒေါ်လာဈေးတက်သည့်အပေါ် ဗဟိုဘဏ်က ”အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်ရသည့်အဓိကအကြောင်းအရင်းမှာနိုင်ငံခြားငွေကြေးဈေးကွက် (ဘဏ်အချင်းချင်းနှင့် ဘဏ်နှင့် ၎င်း၏ customer တို့အကြားရောင်းဝယ်သည့်ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားခြင်း(နိုင်ငံခြားငွေလွယ်ကူမှု (FX Liquidity) လိုအပ်ချက်)ကြောင့်ဈေးတက်ရခြင်းဖြစ်တယ်”လို့ပြောထားပါတယ်။
နိုင်ငံခြားငွေကြေးဈေးကွက်၏အဆိုပါလိုအပ်ချက်ကိုပို့ကုန်တင်ပို့ခြင်းမှရငွေ (Export Proceeds)၊နိုင်ငံခြားမှရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း (Foreign Direct Investment) နှင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများမှမြန်မာနိုင်ငံသို့ပြန်လည်လွှဲပိုငွေ(Worker’s Remittance) တို့အဓိကဖြည့်ဆည်းသည့်ဝင်ငွေရလမ်းများအဖြစ်ဆောင်ရွက်ပေးကြသည့်အကြောင်း
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း ပြည်ပမှမြန်မာနိုင်ငံသို့ နိုင်ငံခြားငွေဝင်ရောက်မှု (Inward) နှင့် မြန်မာနိုင်ငံမှ ပြည်ပသို့ နိုင်ငံခြားငွေစီးထွက်မှု (outward) တို့တွင် outward က ပိုမိုများပြားခဲ့ပြီး
အမေရိကန်ဒေါ်လာဝင်ရောက်မှုမှာယခင်နှစ်အလားတူကာလထက်ထက်ဝက်ကျော်နည်းပါးနေသည့်အပြင် နိုင်ငံခြားငွေဝင်ရောက်မှုထက်နိုင်ငံခြားငွေပြန်လည်အသုံးပြုလိုမှုကပိုမိုများပြားသဖြင့်နိုင်ငံခြားငွေလိုအပ်ချက်ပိုမိုကြီးမားလာသည့်အတွက်ကြောင့်ဈေးနှုန်းတက်ရခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။
ယင်းအပြင်ကိုဗစ်ဖြစ်ပွားနေမှုကြောင့်အရေးပေါ် နိုင်ငံခြားငွေလိုအပ်ချက်များကြောင့် အမေရိကန်ဒေါ်လာ(ငွေသား) ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူနိုင်ငံခြားငွေကြေးဈေးကွက်တွင်အရောင်း၊အဝယ်ပြုသည့်ဈေးနှုန်းလည်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေဈေးပြိုင်လေလံ(FX Auction)မှတစ်ဆင့် နိုင်ငံခြားငွေလိုအပ်ချက်ကိုဝင်ရောက်ဖြည့်ဆည်းသည့်အနေဖြင့်အမေရိကန်ဒေါ်လာများ ရောင်းချပေးခဲ့သည်ဟုဆိုသည်။
ထိုသို့ ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းလိုအပ်နေသောနိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကိုဖြည့်ဆည်းပေးနိုင်ရေးအတွက်ထိုက်သင့်သလိုဆောင်ရွက်ပေးခဲ့သော်လည်း အမေရိကန်ဒေါ်လာဈေးနှုန်းကျဆင်းခြင်းမရှိဘဲဆက်တိုက်မြင့်တက်နေရခြင်းမှာ
ကိုဗစ်တတိယလှိုင်းကာလတွင်ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းရန်လိုအပ်ခြင်းကြောင့် ကုန်သွယ်မှုအတွက်စီးထွက်ငွေသည်ဇွန်လအတွင်းမြင့်မားခဲ့သဖြင့်ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာလိုအပ်ချက်ပိုမိုလာသောကြောင့်ဖြစ်သည်ကိုတွေ့ရှိရကြောင်းဗဟိုဘဏ်ဘက်ကပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်၏ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာဖြစ်ပြီးနိုင်ငံခြားငွေလဲလှယ်နှုန်းအားဈေးနှုန်းတစ်ရပ်တွင်ရှိနေစေရန် ထိန်းသိမ်းထားခြင်းမဟုတ်ဟုလည်းပြောဆိုထားပါတယ်။
လက်ရှိတွင်ဒေါ်လာဈေးကအမြင့်ပိုင်းတွင်ရှိနေပြီး အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးတို့မှာ စျေးနှုန်းများမြင့်တက်လျက်ရှိနေပါတယ်။
Ref:Popular News