အာဏာသိမ်းစစ်အုပ်စုက တရားစွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သတ်ပြီး ရုံးချိန်းတွေကို တစ်ပတ်ခြားစီ ရွေ့ဆိုင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တောင်းဆိုခဲ့ပါတယ်
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုထားတာကြောင့် တစ်ပတ်ကို လေးကြိမ်ရုံး တက်နေရတာလည်း ဖြစ်ပါတယ်
စက်တင်ဘာလ ၄ရက်နေ့က နေပြည်တော်သီးသန့်တရားရုံးမှာ မတရားစွပ်စွဲထားတဲ့ အဂတိမှုလေးမှုနဲ့ ပက်သက်ပြီး လာရောက် စစ်ဆေးခံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကြောင့် ရုံးချိန်းတွေကို တစ်ပတ်ခြားစီ ရွေ့ဆိုင်းပေးဖို့ ကိုယ်တိုင်လျှောက်လွှာ ရေးသားပြီး တရားရုံးကို တင်ပြခဲ့ပေမဲ့ အစိုးရရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်
တင်ပြလျှောက်လွှာနဲ့ ပက်သက်ပြီး ရုံးချိန်းတွေ ရွေ့ဆိုင်းပေးခြင်း ရှိမရှိကို နောက်တစ်ပတ် ရုံးချိန်းမှာ အမိန့်ချဖို့ တရားသူကြီးက ပြန်လည် ချိန်းဆိုခဲ့တယ်လို့အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရှေ့နေတွေဆီက သိရပါတယ်
ပြီးခဲ့တဲ့ ရုံးချိန်းမှာ အဂတိအမှု တရားခွင်အတွင်း တရားလိုပြ သက်သေတွေက လာရောက်ထွက် ဆိုချက်တွေနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က”ALL Absurd” လို့ တစ်ခွန်းထဲပြောဆိုကာ ငြင်းဆန်ခဲ့ တယ်လို့ သူမရဲ့ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာတွေကို ပြောပါတယ်
“ALL Absurd” လို့ အင်္ဂလိပ်လို နှစ်လုံးတည်းပဲပြောတာ ဒီစကားလုံးကတော့ ပြောရရင် အခြေအမြစ်မရှိဘူး ဖရိုဖရဲပဲလို့ ပြောရမှာပေါ့။ “You Know Who” ဆိုတာဘယ်သူ့ကို ပြောတာလဲ ခင်ဗျားတို့ သိမယ်ထင်ပါတယ်
ပြီးခဲ့တဲ့အပတ်က အမှုတစ်ခုရဲ့ သက်သေထွက်ဆိုချက်တွေက အုံးအုံးကျွတ်ကျွတ် ဖြစ်သွားတယ်လေ လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဆိုပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုက မတရားစွပ်စွဲထားတဲ့ အမှုတွေနဲ့ ပက်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးဥပဒေပုဒ်မ၂၅ နဲ့ ၂မှုအပါအဝင် ပုဒ်မ ၅၀၅ ခ အမှုတွေအတွက်
တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ရုံးတက်နေရပြီး၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃ ၁ /ဂနဲ့ တရားစွဲဆိုထားတဲ့ အမှုအတွက် ကြာသပတေးနေ့တိုင်း ရုံးတက်နေရပါတယ်
ဒါ့အပြင် ထပ်တိုးအဂတိ၅မှုကို ထပ်တိုးစွဲဆိုထားပြီး မန္တလေးတိုင်းတရားလွှတ်တော်က ၄မှုအတွက်ကိုလည်း နေပြည်တော်အထူးတရားရုံးမှာပဲ သောကြာနေ့တိုင်း ရုံးတက်နေပါတယ်
crd