ၾကားသိရသမွ်

သရုပ်ဆောင် ဒေါင်း သီဆိုသည့် နွေဦးတော်လှန်ရေး – “အောင်ပွဲတေး”(ရုပ်သံ)

“ကိုယ့်လမ်းကိုယ်လျှောက်… တို့သမိုင်းတို့ရေး… တို့အရေး တို့လက်မှာ… အောင်ပွဲဟာ ရှေ့မှာ လက်တကမ်းရဲ့အနီး… အနိုင်စိတ်ကို မွေးထား… လူတိုင်းညီမှ… အကုန်လုံးပါမှ … အမှောင်ထဲက လွတ်မှာပါ… ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အရေးပါပဲ… မမေ့လိုက်နဲ့ကွာ”

ဒါကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင် ဒေါင်းသီဆိုတဲ့ “အောင်ပွဲတေး” သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်သလို ခုတခါမှာလည်း ကျရာအခန်းကဏ္ဍကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူ ဖြစ်တာမို့ အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံ ထားရသူ ဖြစ်ပါတယ်။

“စိတ်ဓာတ်မကျနဲ့… အားမလျှော့ပါနဲ့… အကုန်လုံး နိုးကြား… အကုန်လုံး တွန်းကြ… ပြည်သူ့များရဲ့ အား… တိုက်ပွဲရှိမှ အောင်ပွဲရှိမှာ… စိတ်ထဲ စွဲမြဲထား… အမှန်တရားဘက် က ငါတို့ရပ်ကြ… အကြောက်တရား မောင်းထုတ်ပါ… သေချာတယ်… ရောင်နီလာပြီ… အောင်လံထူမည်… တွေဝေစရာမရှိ… အဆုံးသတ်တိုက်ပွဲပါ”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်လမ်းကိုယ်လျှောက်… တို့သမိုင်းတို့ရေး… တို့အရေး တို့လက်မှာ… အောင်ပွဲဟာ ရှေ့မှာ လက်တကမ်းရဲ့အနီး… အနိုင်စိတ်ကို မွေးထား… လူတိုင်းညီမှ… အကုန်လုံးပါမှ … အမှောင်ထဲက လွတ်မှာပါ… ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အရေးပါပဲ… မမေ့လိုက်နဲ့ကွာ”