မြန်မာနိုင်ငံက ဘဏ်အသီးသီးမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေသားတွေကို ထုတ်ယူဖို့အတွက် အခုချိန်ထိ အခက်အခဲတွေရှိနေတယ်လို့ ကာယကံရှင်တွေက ပြောပါ
တယ်။ ဒီလို ကိုယ့်ငွေကို ပြန်ထုတ်နိုင်ဖို့ အခက်အခဲရှိနေချိန် ကိုယ်စားငွေထုတ်ပေးသူတွေကို ငွေထုတ်ယူမယ့်ပမာဏရဲ့ ၆% အထိဝန်ဆောင်ခပေးပြီး ထုတ်ယူနေကြ
တဲ့ အခြေအနေကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအစ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကတည်းက ဘဏ်တွေမှာအပ်နှံထားတဲ့ ကိုယ်ပိုင်ငွေတွေကို ထုတ်ယူဖို့ အကန့်အသတ်တွေ ရှိလာပါ
တယ်။ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ATM စက်ကနေ ငွေထုတ်ယူမယ်ဆို တရက်ကို အများဆုံး ငွေကျပ် ၅သိန်း ထုတ်ယူနိုင်ပြီး ဘဏ်ကနေထုတ်မယ်ဆိုရင်တော့ တ
ပတ်ကို အများဆုံး ကျပ်သိန်း ၂၀ နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ ကတော့ တပတ်တာ ငွေထုတ်ယူနိုင်တဲ့ပမာဏ အများဆုံး ကျပ်သိန်း ၂၀၀ ဆိုပြီး ဗဟိုဘဏ်က
သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ATM စက်တွေမှာ ငွေထုတ်ယူလို့ မရတော့သလို ဘဏ်မှာထုတ်ယူနိုင်ဖို့အတွက်လည်း တိုကင်စနစ်နဲ့ သွားနေရတာ မမျှမတဖြစ်နေ
တယ်လို့ ကိုယ်ပိုင်ငွေထုတ်ယူဖို့ ကြိုးစားနေသူတွေက ပြောပါတယ်။ ကျန်းမာရေး ပရဟိတအလုပ်တွေ လုပ်ပေးနေတဲ့ ဟိုတယ်လုပ်ငန်းရှင် တဦးကတော့ ငွေသား
ထုတ်ယူနိုင်ဖို့ အခုချိန်ထိ ခက်ခဲနေတုန်းပဲလို့ ပြောပါတယ်။
“ငွေလွှဲပေးတဲ့ဟာ ကမ္ဘောဇ အကောင့်အချင်းချင်းပဲ လွှဲပေးတာ။ ဒါပေမယ့် ဒီဗဟိုဘဏ်ရဲ့ ထုတ်ပြန် ချက်တွေထဲမှာကျတော့ ကိုဗစ်ကာလနဲ့ပတ်သက်တဲ့ ကျန်းမာရေး
စီမံချက်ကိစ္စကြောင့် ငွေရေးကြေးရေးထုတ်ရမယ်ဆိုရင် ဒီဟာကို အနည်းဆုံး သိန်း ၂၀၀ အောက်ဆို ရှောရှောလျှူလျှူ ထုတ်ပေးဖို့ဆိုလား… စီမံချက်ညွှန်ကြားတာ
တွေ ထွက်လာတာလည်း မြင်ခဲ့တာပဲ။
ဒါပေမယ့် တကယ်လက်တွေ့မှာကျတော့ တပတ် ၅ သိန်းကို အခုထက်ထိ ဘဏ်မန်နေဂျာနဲ့ တွေ့ပြီးတော့ အရမ်းကျေးဇူးပြုခိုင်းပြီးတော့ လိုက်ထုတ်နေရတဲ့
အနေအထားဖြစ်နေသေးတာပေါ့နော်။ ဆိုတော့ သာမန်ပြည်သူတယောက် အနေနဲ့ လိုက်ထုတ်မယ်ဆို အခွင့်ထူးခံလိုချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒေသ
အတွက်၊ ကိုလုပ်နေတဲ့ ကျန်းမာရေးအတွက်ဆိုတဲ့ကိစ္စမှာ အသင်းအနေနဲ့ရော ဒေသအတွက်ရောလုပ်တဲ့ဟာမှာ အထက်ကစာတင်တယ်၊ အောက်က တလွဲတွေ
ဖြစ်ဖြစ်နေတဲ့ဟာကလည်း ကို့ယို့ကားယားတွေဖြစ်တော့ အကြပ်အတည်းတွေ ဖြစ်တာပေါ့။”
ဘဏ်တွေမှာအပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့ တရားမဝင် ဈေးကွက်ကလည်း ကြီးမားနေပါတယ်။ ဒီ
လို ရာခိုင်နှုန်းယူပြီး ငွေသားလဲပေးသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက် ငွေတိုးယူ လဲပေးသူတဦးကို စတင်ဖမ်းဆီးခဲ့တယ်
လို့ စစ်ကောင်စီက မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီကနေ့အချိန်ထိတော့ တရားဝင်ငွေထုတ်ယူနိုင်ဖို့ ခက်ခဲနေလို့ ရာခိုင်နှုန်းယူပြီး ငွေလဲပေးသူတွေကတော့ ဆက်ရှိနေတုန်းပါ။ ရန်ကုန်မှာ ကိုယ်စားငွေ
လဲပေးနေသူတဦးကတော့ ရာခိုင်နှုန်းပေါက်ဈေးဟာ ၆% ဝန်းကျင်မှာ ရှိနေတယ်လို့ ပြောပါတယ်။
“ရာခိုင်နှုန်းကတော့ ဘယ်လောက်ပဲဖြစ်ဖြစ် ၅.၈ အနှုတ်ပါ။ ရာခိုင်နှုန်းကတော့ မလျှော့ဘူး။ ရာချီလဲတဲ့သူလည်း အတူတူပဲ။ သိန်း ၁၅၀ – ၂၀၀ လည်း ဒီရာခိုင်နှုန်းပဲ။”
ဘဏ်တွေမှာငွေထုတ်ယူနိုင်ဖို့ သတ်မှတ်ထားတဲ့အတိုင်း အွန်လိုင်းကနေ တိုကင်ယူတဲ့အခါ အခက်အခဲတွေရှိတာကြောင့်လဲ ခုလို ငွေယူပြီး ငွေလဲပေးနေသူတွေ
အလုပ်ဖြစ်နေကြတာပါ။
အွန်လိုင်းကနေ ငွေလွဲှ ငွေထုတ်ဝန်ဆောင်မှုလုပ်ပေးနေတဲ့ Wave Money လို ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ငွေပို့ ငွေထုတ်တဲ့အခါ ပေးရတဲ့ ဈေးနှုန်း အရင်က
ထက် အဆမတန်တက်သွားတယ်လို့ ဝန်ဆောင်မှုယူသူတွေက ပြောပါတယ်။
မန္တလေးက ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေထုတ်ယူချင်သူတွေအနေနဲ့ အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ဖို့ကို လူမှုကွန်ယက်ကနေတဆင့် လူသိရှင်ကြား
ဆောင်ရွက်ပေးနေသူ တဦးကလည်း လက်ရှိအခြေအနေကို ခုလိုပြောပါတယ်။
“ရာခိုင်နှုန်းကတော့ ၆% အနည်းဆုံးယူတယ်ဗျ၊ အခုလောလောဆယ်ကတော့။ ကျနော်တို့ ဒီသီတင်းကျွတ် ဘဏ်ပိတ်ရက်တွေ ဘာတွေနဲ့ဆိုတော့ ငွေကြေးတွေက
ကြပ်နေတော့ ရာခိုင်နှုန်းတွေက နည်းနည်းပြန်တက်နေတာ။ ၆% ယူတာကတော့ ပုံမှန် အနည်းဆုံးပါပဲ။ စာအုပ်နဲ့ဆိုရင် ဘဏ်ကိုလာပြီးတော့ ကျနော်တို့အကောင့်ထဲ
ကို ငွေလှမ်းထည့်ပြီးတော့မှရမှာ။ ဘဏ်မှာကတော့ ကျနော်တို့က စာရင်းပေး ဘာညာနဲ့ဆိုရင် နာရီဝက်လောက်ကတော့ ကြာမယ်ဗျ။”
စစ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းတွေကနေ ငွေထုတ်ယူနိုင်ဖို့ ခက်ခဲတာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့
ယုံကြည်မှုဟာလည်း လျော့နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တရားဝင်ငွေကြေးလဲလှယ်တဲ့ လမ်းကြောင်းတွေမှာ အခက်အခဲတွေ ပိုများလာလို့
ရာခိုင်နှုန်းယူပြီး ငွေသားလဲပေးနေတဲ့ ဈေးကွက်ကို အားကိုးနေရပေမယ့်လည်း ကိုယ့်ရဲ့ပိုက်ဆံပြန်ရဖို့ ငွေထပ် အကုန်ခံ ထုတ်နေရတဲ့အပေါ် ဘဏ်စာရင်းပိုင်ရှင်တွေ
စိတ်ပျက်နေကြပါတယ်။



