ၾကားသိရသမွ်

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အသစ် ကြေညာပြီ

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အသစ် ကြေညာပြီ

စင်္ကာပူ နိုင်ငံသူ ကုလသမဂ္ဂ ဝါရင့် သံတမန် မစ္စ နိုလင်း ဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပါတယ်။

မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ရာ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ အတွက် မစ္စ ဘာဂနာ အပေါ် ကျေးဇူးများစွာ တင်ရှိပါကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆီယံ ဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

မစ္စဟေဇာဟာ စင်္ကာပူ တက္ကသိုလ်ကနေ ပထမ ဝိဇ္ဇာဘွဲ့နဲ့ နောက် မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရယူ ထားသူ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း