FACEBOOK မှာ မတင်သင့်တဲ့ အရာတွေ
ခုခေတ်မှာ Facebook မသုံးတဲ့သူ ကတော့ ခပ်ရှားရှားပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို Facebook ရဲ့ အခန်းကဏ္ဍက တော်တော်ကို အရေးပါတာလေ။
Facebook ပေါ်မှာ အကြောင်းအရာ မျိုးစုံ၊ အရောင်အသွေး ပေါင်းစုံ တွေကို တင်ကြတယ်၊ မျှဝေကြတယ်။
ဒါတစ်နည်းအားဖြင့် ကောင်းပါတယ် ကမ္ဘာကြီးကို ရွာလေးတစ်ရွာ ဖြစ်သွားစေတာပေါ့။
ဒါပေမယ့်လည်း Facebook ဆိုတာက အသုံးချတတ်ရင် ကောင်းကျိုးတွေ အများကြီး ရှိသလို မသုံးတတ်ရင် တစ်ခါတစ်လေ ကိုယ့်အတွက် အန္တရာယ် ဖြစ်လာစေပါတယ်။
တစ်ချို့ အခြေအနေကျတော့ ကိုယ့်ဒုက္ခကိုယ် မီးထွန်းရှာသလို ဖြစ်သွားမိစေတာပေါ့။
ဆိုတော့ ပြောချင်တာက Facebook ပေါ်မှာ မတင်သင့်တဲ့ တစ်ချို့ တစ်ချို့သော အရာလေးတွေလည်း ရှိတယ်ပေါ့လေ။ ကဲ ဘာတွေများလဲ သိချင်နေကြပြီ မဟုတ်လား။
၁. ကိုယ့်ရဲ့ အတွင်းရေး
ကိုယ့်အကြောင်း အတန်သင့်တော့ ချပြလို့ ရပေမယ့် ကိုယ့်အကြောင်း အတွင်းရေး အကုန်လုံးကိုတော့ မချပြသင့်ပါဘူး။
Facebook ပေါ်မှာက ကိုယ်မသိတဲ့လူတွေ အများကြီးပဲလေ ကိုယ့် friend list ထဲက လူတွေကိုတောင်မှ အကုန်လုံး သိလို့လား။
ကိုယ့်အတွင်းရေး မှန်သမျှ အဲလို ချပြနေမယ်ဆိုရင် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေမှာပေါ့။
လောကကြီးမှာ မသမာသူတွေ ဒီလောက်များတာ ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
ပြီးတော့ ကိုယ့်အတွင်းရေး ဆိုတာ ကိုယ့်သီးသန့် privacy တစ်ခုပါ။ Privacy ဆိုတာ သူ့အကန့်၊ သူ့စည်းနဲ့သူ ရှိသင့်ပါတယ်။
Privacy အကုန် ချပြနေတဲ့ သူတစ်ယောက်ကိုလည်း ဘယ်သူမှ အထင်မကြီးပါဘူးနော်။ ဒါကြောင့် ကိုယ့်အတွင်းရေး Privacy ကို သေချာ ထိန်းသိမ်းသင့်ပါတယ်။
၂. မိသားစု ျပႆနာ
လူတိုင်းက ကိုယ့်အရှုပ်၊ ကိုယ့်အပူနဲ့ ကိုယ်ပါ။ ပြီးတော့ အားလုံးမှာ မိသားစု ပြဿနာဆိုတာ တစ်ခုမဟုတ် တစ်ခုတော့ ရှိကြတာချည်းပါပဲ။
ဒါဘာမှ ဆန်းကြယ်နေတဲ့ ကိစ္စ မဟုတ်သလို ဘယ်သူကမှ ကိုယ့် မိသားစု ပြဿနာတွေကို စိတ်မဝင်စားပါဘူး။
ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြဿနာ အစက အဆုံး ချပြနေဖို့ မလိုပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ပြဿနာတွေဆိုတာ မိသားစု အတွင်း မှာပဲ ရှိသင့်တာပါ။ တခြားသူတွေ သိဖို့ မသင့်တော်ပါဘူး။
စိတ်ညစ်နေရင် ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်လို့ ရပါတယ်။
တစ်နည်းပြောရရင် မိသားစု ဂုဏ်သိက္ခာလည်း ထိခိုက်စေနိုင်တာမို့ Facebook ပေါ်မှာ လုံးဝ မတင်သင့်ပါဘူးနော်။
၃. အလုပ်နဲ့ ပက်သက်တဲ့ မကျေနပ်ချက်တွေ
ကိုယ့်မှာ မကျေနပ်ချက် တစ်ခုခု ရှိရင် တခြားသူဆီကို ပြောပြ၊ ချပြချင်ကြတာ လူတွေရဲ့ သဘာဝတစ်ခုပါ။
ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်နဲ့ ပက်သက်ပြီး မကျေနပ်ချက်တွေ တင်တာမျိုးတော့ မလုပ်သင့်ပါဘူး။
တစ်ချို့လူတွေကျ အထက်လူကြီး မကောင်းကြောင်းတွေ၊ အလုပ် အဆင်မပြေတာတွေ၊ လုပ်ဖော်ကိုင်ဖက်ကို မကျေနပ်တာတွေ အဲလိုမျိုးတွေ တင်တတ်ကြပါတယ်။
ဒါမျိုးက လုံးဝ လုံးဝကို မလုပ်သင့်တာပါနော်။ Professional မဆန်သလို အရမ်းလည်း ကလေးဆန်ပါတယ်။
ပြီးတော့ တကယ်လို့များ အလုပ်က လူတစ်ယောက်ယောက်သာ တွေ့သွားခဲ့ရင် ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် သတင်းရသွားခဲ့ရင် ကိုယ့်အတွက်လည်း မကောင်းဘူးလေ။
ကိုယ့် ဂုဏ်သိက္ခာလည်း ကျတာပေါ့။
၄. ပုံခနခနတင်လွန်းတာ
ဒါကျတော့ သူ့အန္တရာယ်က တစ်မျိုးလေး။ ပြောရရင် အမြင်ကပ် ပုဒ်မပေါ့။
မယုံမရှိနဲ့ အမြင်ကပ် ပုဒ်မက တကယ် ကြောက်ဖို့ကောင်းတာနော်။
ပြောကြမှာပဲ ကိုယ့် acc မှာ ကိုယ်ကြိုက်တာ ကြိုက်သလောက် တင်မှာပဲ ဘယ်သူ့ ဂရုစိုက်စရာ လိုလဲပေါ့။
ဟုတ်ပါတယ် ကိုယ့်ဘာသာ ကြိုက်သလို တင်လို့ရတယ် ဆိုပေမယ့်လည်း မနက် အိပ်ယာထကနေ ညအိပ်တဲ့အချိန်ထိ ပုံတွေကို မနားမနေ ခနခန တင်နေရင်တော့ မဟုတ်သေးဘူးလေ။
အဲလို ခနခနသာ တင်နေရင်တော့ ဘယ်သူမဆို မျက်စိနောက်မှာပေါ့။
“ဒီတစ်ယောက်က ဘာလဲဟ စိတ်ပျက်စရာကြီး မျက်စိနောက်တယ်” ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။
ကိုယ့်အတွက် မကောင်းတဲ့ မှတ်ချက်တွေလည်း ရှိလာနိုင်တယ်လေ။ ဒါကြောင့်မို့ ပုံခနခန တင်လွန်းတာမျိုး မလုပ်ပါနဲ့။
အထူးသဖြင့် တစ်နေ့တည်းမှာ ဆယ်ပုံမက တင်နေတာမျိုးတွေပေါ့။
၅. Relationship နဲ့ ပက်သက်တာ
အချစ်နဲ့ တွေ့လာရင် အားလုံးနီးပါးကတော့ ကိုယ့်အချစ်ကို ပြချင်ကြတာ ထုံးစံပါပဲ။ ရိုလွန်းတဲ့ စုံတွဲတွေဆို လူတွေကလည်း အားကျကြတယ်၊ ဝိုင်းအားပေးကြတယ်လေ။
ဒါပေမယ့်လည်း တစ်ခု စဉ်းစားစရာ ရှိတာက ဒီ relationship က တစ်သက်လုံး တည်မြဲမလား ဆိုတာပါ။
လူအများဆီမှာ ကိုယ်က ချပြလိုက်ပြီးပြီ သူနဲ့ ပြတ်စဲသွားခဲ့သော်၊ အကြောင်းတစ်ခုခုကြောင့် လမ်းခွဲခဲ့ရသော် ဘယ်လိုဖြစ်သွားမလဲ ဆိုတာပါ တွေးထားဖို့ လိုပါတယ်။
မှန်ပါတယ် အားလုံးကတော့ ထာဝရ တည်မြဲဖို့ တွေးထားကြတာပါပဲ။
ဒါပေမယ့် အကယ်၍ ဆိုတာကိုတော့ ဘယ်သူမှ မှန်းဆလို့ မရဘူးလေ။
ဒီတစ်ယောက်နဲ့ တွဲတယ် တင်တယ်၊ နောက်တစ်ယောက်နဲ့ တွဲတယ် တင်တယ် အဲလိုသာဆို ကိုယ့်ဂုဏ်သိက္ခာ ထိခိုက်လေမလား၊
ကိုယ်က သူများအမြင်မှာ ဘယ်လိုလူစား ဖြစ်သွားမလဲပေါ့။ အဆင်ပြေပါတယ် လူတွေ ဘယ်လိုထင်ထင် ကိုယ်လုံရင် ပြီးတာပဲ ဆိုရင်တော့ ကိုယ့်သဘောအလိုကျပေါ့လေ။
၆. ကိုယ့်တည်နေရာ
ကိုယ်ဘယ်ရောက်နေပါတယ်၊ ဘယ်သွားနေပါတယ် ဆိုတာမျိုး ဖြစ်နိုင်ရင် မတင်တာ ပိုကောင်းပါတယ်။
ပြီးတော့ ဘယ်ကို သွားဖို့ စီစဉ်ထားတယ်၊ ဘယ်ကို ခရီးထွက်မယ် အဲလိုမျိုးတွေပေါ့။
မသမာသူတွေက ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်ကို မကောင်းကြံမလား ပြောလို့ မရဘူးလေ။
တကယ်လို့များ အုပ်စုတောင့်တယ် ဆိုရင် တစ်မျိုးပေါ့။ မဟုတ်ဘဲ တစ်ယောက်တည်းတို့၊ နှစ်ယောက် သုံးယောက်လောက်ဆို တစ်ခုခု ဖြစ်သွားဖို့ အရမ်းလွယ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲလေ။ နောက်တစ်ခု လုံးဝ မတင်သင့်တာက အိမ်မှာ ဒါမှမဟုတ် တစ်နေရာရာမှာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ် ဆိုတာမျိုးပါ။
တစ်ယောက်တည်းဆို အန္တရာယ် များရတဲ့ကြားထဲ အဲလို တင်လိုက်ရင် ပိုပြီးတော့တောင် အန္တရာယ်များပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ရှောင်ပေးပါနော်။
၇. အိမ်အကြောင်း
ကိုယ့်အိမ် ဓာတ်ပုံလေးတွေကို တခြားသူမြင်အောင်တင်လိုက်တာက ဘာမှ မဖြစ်နိုင်ပါဘူးလို့ ထင်ပါသလား။ အဲလို ထင်လိုက်ရင်တော့ အကြီးကြီး မှားသွားပါမယ်နော်။
ကိုယ့်အိမ်ကို အသေးစိတ် အခန်းတွေကအစ ဓာတ်ပုံတွေများ တင်လိုက်ရင် သူခိုးတွေ၊ မကောင်းတဲ့သူတွေကတော့ အရမ်းကို ဝမ်းသာနေကြမှာပါ။
ဘာလို့ဆို သူတို့အတွက် ဘယ်ကို သွားဆိုပြီး သတင်းအတိအကျ ပေးသလို ဖြစ်နေတာလေ။
ဒါကြောင့် ကိုယ့်အိမ်လိပ်စာ၊ ကိုယ့်အိမ်အကြောင်း အသေးစိတ် အဲလိုမျိုးတွေ မတင်ပါနဲ့။
မတော်ရင် တစ်အိမ်လုံး ဒုက္ခရောက်နိုင်ကိန်းမို့လို့ ရှောင်နိုင်ရင် အကောင်းဆုံးပါ။
တင်ချင်ရင်တော့လည်း အသေးစိတ်မဟုတ်ဘဲ အပေါ်ယံ နည်းနည်းပါးပါးလောက်ဆို လုံလောက်ပါတယ်။
ဒီအချက်လေးတွေက ကြည့်ရင်သာ ဘာမှမဖြစ်ပါဘူး ထင်ရပေမယ့် အခန့်မသင့်ရင် ကိုယ့်ဂုဏ်သိက္ခာ တင်မက အသက်အန္တရာယ်ထိပါ ထိခိုက်စေနိုင်တာမို့ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲလို မဟုတ်ရင်လည်း သတိထားလို့ ရတာပေါ့။ ဖြစ်နိုင်ရင်တော့ ရှောင်ပေးပေါ့ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။
Credit



